သံလွင်ခက်
နိုဝင်ဘာလ ၆၊၂၀၂၄။
တအာင်းပြည်အတွင်းသို့ တင်သွင်းလာသည့် သွင်းကုန်၊ပို့ကုန်များကို အခွန်ကင်းလွတ်ခွင့်ပြုသည်ဟု နိုဝင်ဘာ ၅ ရက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
ဒေသခံပြည်သူများ၏အခက်အခဲကိုဖြေရှင်းနိုင်ရန်ရည်ရွယ်ကာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ အကောက်ခွန်ဌာနက အောက်တိုဘာလ ၂၅ ရက်တွင် အတည်ပြုလိုက်သည်ဟု ဖော်ပြထားသည်။
ထိုအခွန်ကင်းလွတ်ခွင့်တွင် တအာင်းပြည်သို့ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများသာ အကျုံးဝင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့မှ တအာင်းပြည်သို့ တင်သွင်းလာသည့် သွင်းကုန်များဖြစ်သည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများအပါအဝင် ဒေသတွင်း ကူးသန်းရောင်းဝယ်မှု၊ သွင်းကုန်၊ပို့ကုန်များ၊ ဒေသခံပြည်သူလူထုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသွားမည်ဟု ဖော်ပြထားသည်။
PSLF/TNLA အကောက်ခွန်ဌာနအနေဖြင့် တအာင်းပြည်-တရုတ်ပြည်အကြား သွင်းကုန်၊ပို့ကုန်ကုန်ပစ္စည်းများနှင့် တအာင်းပြည်မှ မန္တလေးအပါအဝင် အခြားဒေသများသို့ တင်ပို့ သည့်ကုန်ပစ္စည်းများကို အခွန်ကောက်ခံသွားမည်ဟု ဆိုသည်။
ပြီးခဲ့သည် အောက်တိုဘာလ ၂၆ရက်က မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ မဟာမိတ်ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားသည့် မြန်မာနှင့်တရုတ်နိုင်ငံနယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက် ပိတ်ပင်ကာ ကုန်စည်စီးဆင်းမှုများရပ်တန့်ခဲ့သည်။
ပုံစာ-တအာင်းဒေသရှိပြည်သူများနှင့် ဈေးမြင်ကွင်း။
ဓာတ်ပုံ- TNLA