သံလွင်ခက်
နိုဝင်ဘာ ၄၊ ၂၀၂၄။
ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီ၏ ခေါပုတ်စခန်းမှ ထွက်ပြေး သွားသည့် စစ်သားများကို လက်နက်များနှင့် ဖမ်းဆီးရမိခဲ့သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) က ယမန်နေ့ညတွင် ထုတ်ပြန်သည်။
ခေါပုတ်စခန်းတွင် ခလရ ၁၉၊ ခမရ ၄၃၄၊ ခမရ ၃၄၀ နှင့် ခမရ ၃၄၁ တပ်ရင်းများမှ စုပေါင်းတပ်စွဲထားပြီး အောက်တိုဘာ ၂၉ရက်တွင် စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်သည်။
အဆိုပါစခန်းမှ ထွက်ပြေးသွားသူများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ BPLA နှင့် Force for Federal Democracy (FFD) တို့ပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံရှင်းလင်းရာ ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးခဲ့ကာ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ဦးအပါအဝင် ၁၇ ဦးတို့ကို လက်နက်များနှင့်အတူ ဖမ်းမိခဲ့သည်ဟု ဆိုသည်။
ဖာပွန်ခရိုင်အတွင်း တော်လှန်ရေးတပ်များက အရေးသာနေပြီး ဩဂုတ်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၅ဦးသေဆုံးခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-BPLA