သံလွင်ခက်
နိုဝင်ဘာ ၄၊ ၂၀၂၄။
တရုတ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်ဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဟု စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
စစ်ခေါင်းဆောင်အနေဖြင့် အာဏာသိမ်းကာလအတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူမျများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဟုဆိုသည်။
အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံများကို သွားရောက်ခဲ့ဖူးပြီး ယခုအကြိမ်သည် တတိယမြောက် ပြည်ပခရီးစဉ်လည်း ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် နိုဝင်ဘာ ၆ရက်နှင့် ၇ရက်တွင် ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး အဆိုပါရက်မတိုင်မီ မြန်မာနိုင်ငံမှ ထွက်ခွာဖွယ်ရှိသည်။
ထို့အပြင် (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများကိုလည်း တက်ရောက်သွားမည်ဟုဆိုသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံအစိုးရအဖွဲတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ဖော်ပြထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကို လက်ခံတွေ့ဆုံသွားမည့် အစီအစဉ်များကို တရုတ်နိုင်ငံဘက်မှ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ။
စစ်ခေါင်းဆောင်၏ ခရီးစဉ်မတိုင်မီ အောက်တိုဘာ ၂၉ ရက်နေ့က စစ်ထောက်လှမ်းရေးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေ ဦးဆောင်သောအဖွဲ့သည် တရုတ်နိုင်ငံသို့ ကြိုတင်ရောက်ရှိနေပြီး မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု Chahar Institute ကသတင်းထုတ်ပြန်သည်။
ပုံစာ- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို ၂၀၁၉ ဧပြီလ ပေကျင်းမြို့တွင် အတူတွေ့ရစဉ်(CINCDS)