ဒီကနေ့ နိုဝင်ဘာ ၁ ရက်ဟာ ဟိန္ဒူဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီပါဝလီနေ့ပါ။
ဒီပါဝလီပွဲတော်ဆိုတာဟာ ဟိန္ဒူဘာသာရဲ့ လူမျိူးနွယ်စုအားလုံးနဲ့သက်ဆိုင်တဲ့ ပျော်ရွှင်စရာမီးထွန်းပွဲတော်တစ်ခုဖြစ်ပါတယ်။
ဒီပါဝလီရဲ့အဓိပ္ပာယ်ကတော့ ဒီပ (ဆီမီး) နဲ့ ဝလီ(အာဝလီ)(တန်းစီထွန်းညှိခြင်း) ဆိုတာကြောင့် ဆီမီးများကိုညီညာစွာထွန်းညှိပြီး ၊အမှောင်ဆိုတဲ့အဝိဇ္ဇာ ကို ဖြိုခွင်းပြီး တောက်ပခြင်းအလင်းရောင်ကို သယ်ဆောင်ပေးတယ်လို့ အမည်ရတဲ့ ရိုးရာယဉ်ကျေးမူပွဲတော်ပါ။
ရာမမင်းသားဟာ ဒသဂီရိဘီလူးကို အနိုင်ရခဲ့ပြီး ပြန်လာတဲ့အခါ တောထဲမှာ (၁၄)နှစ် နေပြီးပြန်ရောက်လာတာဖြစ်တာကြောင့် တိုင်းသူပြည်သားတွေက ဂုဏ်ယူပျော်ရွှင်စွာနဲ့ ဆီမီးတန်းစီထွန်းညှိပြီးကြိုဆိုကြတဲ့ ပွဲတော်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီညဟာ လကွယ်ညဖြစ်တာကြောင့် အမှောင်ကိုဖယ်ရှားပြီး ဆီမီးထွန်းညှိကာအလင်းရောင်နဲ့ကြိုဆိုကြတာပါ။
ဒါ့ကြောင့် ဒီပါဝလီကျင်းပရခြင်းဟာ အဓမ္မ ကိုဖယ်ရှားပြီး ဓမ္မကိုကြိုဆိုတဲ့ဆီမီးထွန်းပွဲတော်လို့တင်စားလေ့ရှိပါတယ်။
ဒါအပြင် ဟိန္ဒူဘာသာဝင်တွေဟာ ဥစ္စ္စာဓန နဲ့ပြည့်စုံတဲ့လက္ချမီးမယ်တော်ကို ပူဇော်လေ့ရှိတာကြောင့် ဒီပါဝလီနေ့မှာလည်း မယ်တော်ကို ပူဇော်ပသကြတာတွေကို ဆောင်ရွက်ကြပါတယ်။
စစ်အာဏာသိမ်းကာလအတွင်းက ဒီပါဝလီကာလတွေထဲမှာ ဒီနှစ်မှာတော့ စစ်ကောင်စီဟာ ဟိန္ဒူဘာသာဝင်တွေအပေါ် တရားမျှတခြင်းမရှိတဲ့ အပြုအမှုကို ကျူးလွန်ခဲ့ပါတယ်။
ဒီပါဝလီရက်မတိုင်ခင် ၂ ရက်အလိုမှာပါ ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်တဲ့ ကိုရှိုင်းထက်အောင် (ခ) ဗီးထက်ကူးမားကို စစ်ကောင်စီက ၅၀၅- (က) နဲ့ ဘာသာ၊ သာသနာကို ညိုးနွမ်းစေမှု- ၂၉၅ ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။
တရားစွဲဆိုရတဲ့အကြောင်းက ဟိန္ဒူရိုးရာဝတ်စုံ၊ စကားလုံးတွေ၊ ရိုးရာယဉ်ကျေးမှုတွေကို နှိမ့်ချလှောင်ပြောင်ထားသည့် “ဂျစ်ကားစီးဖူးသလား၊ ဂျာကစ်စားဖူးသရီး” ရုပ်ရှင်ဇာတ်ကားကို ထောက်ပြပြောဆိုခဲ့တာကြောင့်ပါပဲ။
လူသိများလှတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေရိုက်ကူးထားတဲ့ အဲဒီဇာတ်ကားကို ပိုစတာတွေပြောင်း၊ အမည်မှာ “ဂျစ်ကားစီးဖူးသလား”အမည်ပြောင်းပြီး အခုနိုဝင်ဘာလထဲမှာ ပြသဖို့ စီစဉ်ထားပေမယ့် ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာယဉ်ကျေးမှုထုံးတမ်းတွေကို ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ ကိုရှိုင်းထက်အောင်(ခ)ဗီးထက်ကူးမားကတော့ စစ်ကောင်စီရဲ့ မတရားပုဒ်မတပ်ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
ကိုရှိုင်းထက်အောင်(ခ)ဗီးထက်ကူးမားအပါအဝင် ဟိန္ဒူဘာသာဝင်အားလုံး ဒီကနေ့ ဒီပါဝလီမှသည် နောင်နှစ်ပေါင်းများစွာ တရားမျှတခြင်းတွေကို တန်းတူရရှိပြီး သာယာချမ်းမြေ့သော မိသားစုဘဝအသီးသီးကို ပိုင်ဆိုင်ပါစေလို့ သံလွင်ခက်သတင်းဌာနက ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကိုဗစ်ကာလအတွင်းက ဒီပါဝလီရက်မြတ်ကာလအတွင်းက ဓါတ်ပုံတွေကို အောက်မေ့ဖွယ်ရာ ပြန်လည်တင်ပြအပ်ပါတယ်။
ဓါတ်ပုံ – သံလွင်ခက်