သံလွင်ခက်
အောက်တိုဘာ ၃၁၊ ၂၀၂၄။
“ဂျစ်ကားစီးဖူးသလား ဂျာကစ်စားဖူးသရီး” ဆိုသည့် မြန်မာရုပ်ရှင်ဇာတ်ကားသည် ဟိန္ဒူရိုးရာဝတ်စုံကို နှိမ့်ချခဲ့ဇာတ်ကားဖြစ်ကြောင်း လူမှုကွန်ယက်ပေါ်တွင် ထောက်ပြခဲ့သူ ကိုရှိုင်းထက်အောင်(ခ) ဗီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ ကိုရှိုင်းထက်အောင်(ခ) ဗီးထက်ကူးမားကို လှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့သည်ဟု စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၄ ရက်တွင် အဆိုပါ ဇာတ်ကားအမည်သည် အိန္ဒိယနွယ်ဖွားများကို ခနဲ့သော အသုံးအနှုန်းဖြစ်ကြောင်းနှင့် မြန်မာရုပ်ရှင်လောကသည် ခေတ်အဆက်ဆက် မျိုးနွယ်စုတခုချင်းစီကို ချိုးနှိမ်ပြီး ဟာသလုပ်ထားသော ဒီရုပ်ရှင်ကားကို ကန့်ကွက်ကြောင်း ၎င်း၏လူမှုကွန်ယက် စာမျက်မှာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
ထို့နောက် အောက်တိုဘာ ၂၇ ရက်တွင် ခဝဲခြံမျက်မမြင်ကျောင်းသို့ အသံလှူသွားခဲ့ပြီး ကိုရှိုင်းထက်အောင် (ခ) ဗီးထက်ကူးမားသည် မိသားစုနှင့် အဆက်အသွယ် ပျက်တောက်သွားခြင်းဖြစ်ကာ ယမန့်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ကိုရှိုင်းထက်အောင် ပျောက်ဆုံးစဉ် စစ်ကောင်စီထောက်ခံသည့် ကျော်စွာတယ်လီဂရမ် ချန်နယ်မှလည်း ကိုရှိုင်းထက်အောင်သည် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင်၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား၊ ဘာသာတစ်ခုနှင့်တစ်ခုကြား အမုန်းပွားလာအောင် တမင်ရည်ရွယ်ပြီး လှုံဆော်ခဲ့ခြင်း၊ ဗုဒ္ဓဘာသာကို တစိုက်မတ်မတ် ပုတ်ခတ်တိုက်ခိုက်သူ ဖြစ်ခြင်းကြောင့် ထောင်ထမင်းခေါ်ကျွေးသင့်သည်ဟု လှုံဆော်သည့် ပိုစ့်တစ်ခုကိုတင်ခဲ့သည်။
အဆိုပါ “ဂျစ်ကားစီးဖူးသလား ဂျာကစ်စားဖူးသရီး” ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အာရုံဦး)မှ ရိုက်ကူးပြီး ခန့်စည်သူ၊ လွင်မိုး၊ ခိုင်သင်းကြည်၊ ရွေမှုံရတီ၊ ခင်လှိုင်၊ ဒိန်းဒေါင်တို့ ပါထားဝင်သည်။