သံလွင်ခက်
အောက်တိုဘာ ၃၁၊ ၂၀၂၄။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက် ဈေးအနီးတွင် နေထိုင်သူ အနှေးယာဉ်လုပ်သားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူတချို့ထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ညနေပိုင်းတွင် အရက်ဆိုင်ထိုင်နေသည့် ကိုပါလီကို နယ်ထိန်းရဲ ဇော်လှိုင်မြင့်နှင့် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဦးတို့မှ မသင်္ကာမှုဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ အောက်တိုဘာ ၂၈ ရက် နံနက် ၃ နာရီခွဲတွင် သက်ပျောက်ဆွမ်းကပ်ရန် မိသားစုကို ခေါ်ယူခဲ့သည်ဟု သိရသည်။
သေဆုံးသူ ကိုပါလီ၏ရုပ်အလောင်းကို ပလပ်စတစ်၊ စောင်တို့ဖြင့် တစ်ထပ်ချင်းပတ်ကာ လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။ သေဆုံးသူကို လက်ပြန်ကြိုးတုပ်၍ ခြေထောက်ကို ထိပ်တုံးခတ်ခြင်း၊ ခန္ဓာ ကိုယ်အား ရိုက်နှက်နှိပ်စက်ထားခြင်း၊ မျက်နှာပေါ်သို့ အပူအစက်ချခြင်းတို့အပြင် ဆံပင်နှင့် အမျိုးသားအင်္ဂါကို မီးရှို့ထားခြင်းတို့ ပြုခဲ့သည်ကို တွေ့ရှိရသည်ဟု နီးစပ်သူက ပြောသည်။
ကိုပါလီ သေဆုံးမှုနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးမျိုးဦးကို သံလွင်ခက်မှ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိဘဲ တာဝန်ရှိသူကို ဆက်သွယ်ရန် ပြောဆိုခဲ့ပြီး ဖုန်းချခဲ့သည်။
သေဆုံးသူ ကိုပါလီ၏နာရေးကိုလည်း အဆိုပါနေ့တွင် နယ်ထိန်းမှ ဦးဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မဏ္ဍပ်ထိုးပြုလုပ်ခဲ့သည်ဟု သိရသည်။ နယ်ထိန်းရဲ ဇော်လှိုင်မြင့်သည် ရပ်ကွက်အတွင်းရှိ လောင်ကစားဝိုင်းများထံမှ လစဉ် ဆက်ကြေးကောက်ယူလျက်ရှိသည်ဟု သိရသည်။
ပုံစာ- နယ်ထိန်းရဲ ဇော်လှိုင်မြင့်။ ဓာတ်ပုံ- ပေးပို့