သံလွင်ခက်
အောက်တိုလာ ၃၀၊ ၂၀၂၄။
ပဲခူးတိုင်း အနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် သင်္ခရိုင်ကျေးရွာရှိ ပရဟိတကျောင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၉ ရက် မနက် ၉ နာရီခန့်တွင် အင်အား၇၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ဘော်ဘင်ရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများရှိသည်ဟု ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တာဝန်ရှိသူ ကိုတေဇမင်းက ပြောသည်။
“တချို့က ကျောင်းမှာတပ်စွဲထားတုန်း။ ထွက်လာတဲ့အဖွဲ့နဲ့ ကျွန်တော်တို့က မြင်မြင်ချင်း အမြန်ပစ်ရတာ။ အင်အားအလုံးအရင်နဲ့တက်လာတာ ပစ်တဲ့အချိန်လဲကျသွားတာ ၇ ယောက်မြင်ရတယ်။ ဒီမနက်အလောင်းတွေကိုဖျာနဲ့ လိပ်ထမ်းသွားတယ်လို့သိရပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ယခုလ တတိယအပတ်တွင် ကြို့ပင်ကောက်မြို့နယ် သခွပ်ပင်ရွာမှတစ်ဆင့် ရွာချင်းနီးစပ်များကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ အေးရွာလေးရွာရှိ နေအိမ်များကို မီးရှို့ခဲ့ပြီး အေးရွာလေး၊ ဥယျာဥ်ကြီး၊ ရုံးချောင်း၊ သခွတ်ပင်၊ အင်တိုင်းတို့မှ ဒေသခံ (၁၀)ဦးခန့်ကိုလည်း ဓားစာခံအဖြစ် ၎င်းတို့တပ်စွဲထားသည့် ပရဟိတကျောင်းတွင် ဖမ်းဆီးထားခြင်းဖြစ်သည်။
“ နယ်မြေကိုဝင်ရောက်လို့မရသေးတဲ့အတွက်က ဘယ်လောက်မီးရှို့တယ်ဆိုတာမသိရသေးပါဘူး ။ အိမ်ခြေကတော့များတယ် ရွာအလည်ကနေစရှို့တာ ဆိုတော့လေ။ ဒီချိန်ထိတော့ပြန်မလွတ်သေးဘူး ပရဟိတကျောင်းထဲမှာချုပ်နှောင်ထားတယ်” ဟု ကိုတေဇမင်းက ဆိုသည်။
အဆိုပါ စစ်ကြောင်းကြောင့် ရွာပေါင်းငါးရွာထက်မနည်းရှိ ပြည်သူထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ပုံစာ- ပဲခူးရိုးမအခြေပြု တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- ပေးပို့