သံလွင်ခက်
အောက်တိုဘာ ၃၀၊ ၂၀၂၄။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သဖြင့် လူသေဆုံးမှုရှိပြီး စစ်ကောင်စီသည် ၎င်းတို့၏တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည်ဟု မန်း-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်မှ စတင်၍ ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဆိုပါနေ့တွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း (၁၂) ဦးသေဆုံးကာ (၆၀) ဦး ဒဏ်ရာရရှိသူခဲ့သည်ဟု ဖော်ပြထားသည်။
ယနေ့ နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ အချုပ်ဆောင်ကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သဖြင့် စစ်သုံ့ပန်း ဗိုလ်မှူးတစ်ဦးအပါအဝင် (၄) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦး ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများတွင် စခတ (၂) မှ ဗိုလ်မှူးနေဝင်း (၄၃) နှစ်၊ စခတ (၂) မှ တပ်ကြပ်ကိုကိုအောင် (၄၉) နှစ်၊ အမတ (၃၁၉) မှ တပ်ကြီးစာရေး အောင်လွင် (၄၉) နှစ်နှင့် ပျူးစောထီးအဖွဲ့ဝင် ဂျော်နီအောင် (၅၄) နှစ်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားသည့် သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသော်လည်း စစ်ကောင်စီသည် ၎င်းတို့၏တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင်လည်း ရခိုင်ပြည်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (နခခ-၂) စခန်းကို စစ်ကောင်စီမှ တိုက်ခိုက်ရေးလေယာဉ်နှစ်စီးဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အကျဉ်းသား ၅၀ ကျော်သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု အာရက္ခတပ်တော်- AA က ထုတ်ပြန်ခဲ့သည်။
အဆိုပါ သေဆုံးမှုများတွင်လည်း စစ်ကောင်စီလက်အောက်ခံတပ်သားများ၊ ARSA၊ RSO အကြမ်းဖက်မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်းလက်နက်ကိုင်များ၊ စစ်ကောင်စီသတင်းပေးများ၊ ALP နှင့် ဆက်စပ်နေသောသူများနှင့် သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့ပါဝင်သည်ဟု သိရသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)