မောင်ဘဦး
အောက်တိုဘာ ၃၀၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းကို ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) စစ်ကြောင်းသည် ယမန် နေ့က နှောတောရွာခံ ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး ညနေပိုင်းတွင် အင်းတဲရွာရှိ နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်တွင် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည် ယမန်နေ့က အင်းတဲရွာတွင် ထပ်မံတပ်စွဲခဲ့ကာ ဒေသခံများကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ညအချိန်ကတည်းက ပြည်သူတွေဖမ်းခံရတယ်။ စစ်ရှောင်တဲ့ပြည်သူတွေ နေရာဒေသမတူတော့ ဘယ်နှစ်ယောက်အဖမ်းခံရတယ်ဆိုတာအတည်ပြုမရဘူးဖြစ်နေတယ်ဗျ။ လတ်တလော ၁၃ ယောက်ဝန်းကျင်လို့ ခန့်မှန်းရတယ်။ညနေ ၄း၀၀မှာ မီးစတင်ရှို့တာမြင်ရတယ်။ နေအိမ်ဘယ်လောက်မီးလောင်ကျွမ်းတယ်ဆိုတာတော့ အတည်ပြုလို့ မရသေးဘူး”လို့ ရပ်ကျေးပအဖအဖွဲ့ဝင်တစ်ဦးမှ ပြောသည်။
အဆိုပါ စစ်ကြောင်းထိုးမှုကြောင့် ငပုယင်း၊ တတ်လှိုင်း၊ စီပါ၊ ပဲပျစ်တောအရှေ့ရွာ၊ အနောက်ရွာ၊ ငပုယင်း၊ နတ်ရွာ၊ အုတ်ဖို စသည့်ကျေးရွာများမှ ဒေသခံ ၁၅,၀၀၀ နှင့်အထက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးအကူအညီများလိုအပ်နေသည်ဟု သိရသည်။
လတ်တလောတွင် ယင်းစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲမရှိသေးပေ။
အဆိုပါ နမခစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်အတွင်း ဘုတလင်မြို့နယ်ထဲရှိ ကျေးရွာများသို့ စစ်ကောင်စီ တပ်မ- ၃၃ လက်အောက်ခံတပ်များဖြင့် စစ်ကြောင်းထိုးကာ အရပ်သား ၅၀ ကို ဖမ်းဆီးခဲ့ပြီး ၂၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ စီပါကျေးရွာရှိ အရပ်သားခြောက်ဦးကို ကိုယ်လက်အင်္ဂါများဖြတ်တောက်ခဲ့သည်။