သံလွင်ခက်
အောက်တိုဘာ ၂၉၊ ၂၀၂၄။
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကျန်းမာရေးမကောင်းသဖြင့် မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေရသည်ဟု ၎င်းနှင့် နီးစပ်သူ ထံက သိရသည်။
အသက် ၇၄ နှစ်အရွယ် ဝန်ကြီး ဦးဝင်းခိုင်သည် မန္တလေး အိုးဘိုအကျဥ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ပြီး ယခုအခါ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေရကာ စစ်ကောင်စီတပ်က ၎င်းကျခံထားရသည့်ပြစ်ဒဏ်များအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း စာထုတ်ပြန်၍ လာရောက်ဖတ်ကြားခဲ့သည်ဟု နီးစပ်သူ တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် ICU မှာ၊ သတိသေချာမလည်။ လွတ်ငြိမ်းလာပေးသွားတယ်” ဟု ပြောသည်။
ဝန်ကြီး ဦးဝင်းခိုင်သည် နှလုံးရောဂါအခံရှိသူဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လကလည်း မန္တလေးဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသူလည်း ဖြစ်သည်။
၎င်းသည် သမ္မတ ဦးထင်ကျော်လက်ထက် ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး ဦး ဖေဇင်ထွန်း တာဝန်မှ အနားယူခဲ့သဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူခဲ့သည်။
ထို့နောက် နိုင်ငံတော် သမ္မတ ဦးထင်ကျော် တာဝန်မှ မနုတ်ထွက်မီ ၂၀၁၈ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်း ခံထားရသည့် ဝန်ကြီးဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ကို စစ်ကောင်စီတပ်က အဂတိပုဒ်မ ၅၅၊ ၆၃ ဖြင့် နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ အမှုဖွင့်ခံရပြီးနောက် စစ်ကောင်စီတရားရုံးတွင် ထောင်ဒဏ် ၂၈ နှစ် အမိန့်ချခံခဲ့ရသူ ဖြစ်သည်။
ထောင်ဒဏ် ၂၉ နှစ်၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နိုင်ငံရေးအကျဉ်းသားဟောင်း၊ အသက် ၇၃ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်သည် ယခုနှစ် အောက်တိုဘာ ၇ ရက်တွင် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပြီး ၎င်းဆေးကုသမှု ခံယူနေစဉ် အောက်တိုဘာလ ၆ ရက်တွင် စစ်ကောင်စီက ကျခံထားရသည့်ပြစ်ဒဏ်များအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း စာထုတ်ပြန်၍ သွားရောက်ဖတ်ကြားခဲ့သည်။
ပုံ – MOEP (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာ)