မြန်မာပြည်တွင် မည့်သည့်အာဏာရှင်ကိုမှ ထပ်ပြီး အုပ်စိုးခွင့်မရရှိအောင်ကြိုးစားနေဟု SNLD ဥက္ကဌဆို
****************
သံလွင်ခက်။
အောက်တိုဘာ ၂၆ ၊ ၂၀၂၄။
မြန်မာပြည်တွင် မည့်သည့်အာဏာရှင်ကိုမှ ထပ်ပြီး အုပ်စိုးခွင့်မရရှိအောင်ကြိုးစားနေဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ယနေ့ကျရောက်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
” ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာပြည်မှာ ဘယ်လို အာဏာရှင်ကိုမှထပ်ပြီး အုပ်စိုးခွင့်မရအောင် ကျွန်တော်တို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ အာဏာရှင်စိုးမိုးတဲ့ တိုင်းပြည်ကနေ ပြည်သူ့ကိုယ်စားလှယ်တွေ စိုးမိုးအုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်လာအောင် ကြိုးစားအားထုတ်ကြတာဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ယခုကာလတွင် ပြည်သူများအနေဖြင့် ကပ်ရောဂါဘေးဒဏ်၊ စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ်၊ စစ်လက်နက်များ၏ဒဏ်၊ မချစ်နှစ်သက်သူများ၏ အုပ်ချုပ်ခြင်းကို ခံရသည့်ဒဏ်၊ ကုန်စျေးနှုန်းကြီးမြင့်သည့်ဒဏ်၊ ရန်သူမျိုး ငါးပါး၏ဒဏ် စသည့် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာကို ခံနေကြရခြင်းဖြစ်သည်။
အဆိုပါ ခံစားနေကြရမှုများကို ဖြေရှင်းရာတွင် တစ်နေရာထဲကောင်းအောင်လုပ်၍မရ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဖြေရှင်းရမည့် ကိစ္စများဖြစ်နေသည်ဟု ဥက္ကဋ္ဌ စိုင်းညွန့်လွင်ကထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံရေး စိတ်ဆန္ဒ တော်တည့်မှန်ကန်မှုမရှိခဲ့ကြသည့်အတွက် ယနေ့ကာလမျိုးရောက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ အခမ်းအနားတွင် ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခမ်းပိုင်ဖကလည်း ပြောကြားခဲ့သည်။
“နိုင်ငံအာဏာပိုင်အဆက်ဆက်တို့ဟာ ရှမ်းအမျိုးသားလက်နက်ကိုင်တပ်အချင်းချင်းကိုတောင် အတူတကွဖိတ်ခေါ်ပြီး မျက်နှာခြင်းဆိုင် လက်ခံတွေ့ဆုံခြင်းမရှိခဲ့ဖူးပါဘူး။နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းကြဖို့ဆိုတာ ကြွေးကြော်သံသက်သက်မျှဖြစ်ခဲ့တာကို သတိပြုသင်ခန်းစာယူဖို့ တင်ပြလိုခြင်းဖြစ်ပါတယ်။ နိုင်ငံရေးစိတ်ဆန္ဒ တော်တည့်မှန်ကန်မှုမရှိခဲ့ကြလို့ ယနေ့ကာလအခြေအနေမျိုးရောက်ခဲ့ရတာကို သတိချပ်ကြဖို့လည်း လိုအပ်ပါလိမ့်မယ် ” ဟု ၎င်းက ဆိုသည်။
တိုင်းပြည်ပြဿနာကို ပြည်သူလူထုထိခိုက်မှု အနည်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု အသံကောင်းဟစ်ပြီး လူထုအုပ်ချုပ်ရေးအစစ်အမှန်ပေါ်ပေါက်ရေးကို လက်တလုံးခြား ပြုဆန့်ကျင်လျက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ကြာစေးရေး ကြိုးပမ်းလျက်ရှိနေသည်ကို မျက်နှာဖုံးခွာချကြရန်လည်း လိုအပ်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးရပ်တည်ချက်သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုင်းပြည်အုပ်ချုပ်ရေးစနစ် မပြောင်းလဲဘဲ၊ အုပ်ချုပ်ရေးသူလူတစု ပြောင်းပြုရုံဖြင့် ဒီမိုကရေစီကျင့်သုံးနိုင်မည်မဟုတ်၊ ဖက်ဒရယ်နိုင်ငံရေးစနစ် ဖြစ်ထွန်းရန်မတတ်နိုင်၊ထို့ကြောင့် လူထုအုပ်ချုပ်ရေးကို လူထုကိုယ်တိုင်ပါဝင်လုပ်ကိုင်နိုင်မည့်အခင်းအကျင်းမပေါ်ပေါက်သေးသမျှ မိမိတို့၏ နိုင်ငံရေး ပြသနာဖြေရှင်း မပြီးဆုံးသေးဟု ခံယူသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- SNLD