သံလွင်ခက်။
အောက်တိုဘာ ၂၆ ၊ ၂၀၂၄။
စစ်ကောင်စီက ရွှေရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် အမှန်တကယ် ရွှေစျေးနှုန်းထိန်းချုပ်နိုင်ခြင်းရှိမရှိထက် ပြည်တွင်းရွှေများ ပြည်ပသို့ထွက်နိုင်ချေရှိသည်ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။
” မပြောတတ်ဘူး စောင့်ကြည့်ရမှာပဲ။ ဒီမှာ ဈေးကျရင် ပြည်ပကိုထွက်မှာပဲ။ ဥပမာ အခု ပြည်တွင်းမှာ အကြမ်းဖျင်း စျေးက ၅၆ သိန်းပဲ ထားပါတော့။ အဲ့ချိန်မှာ ထိုင်းက သိန်း ၆၀ ဆို ထိုင်းကို ထွက်ကျမှာပဲ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့ ရွှေဈေးထုတ်ပြန်ချက်တွင် အကယ်ဒမီ မီးလင်းရွှေအဖွင့်ဈေးနှုန်းတွင် ကျပ် ၅၆ သိန်းကျော် သတ်မှတ်ထားသော်လည်း ပြင်ပရွှေဈေးကွက်တွင် ကျပ် ၆၅ သိန်းကျော်အထိ ပေါက်ဈေးရှိနေသည်။
စစ်ကောင်စီက နိုင်ငံအတွင်း ရွှေစျေးနှုန်းတည်ငြိမ်ရေး မှန်ကန်စေရေးဟုအကြောင်းပြကာ ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီး နေ့စဉ် ရွှေရည်ညွှန်းစျေးကို သတ်မှတ်ထုတ်ပြန်ရန် ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီကိုလည်းဖွဲ့စည်းခဲ့သည်ဟု ယမန်နေ့ အောက်တိုဘာ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ရွှေစျေးနှင့်ပတ်သက်၍ တားမြစ်မိန့်၊ စည်းကမ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန့်ခွင့်ကို စစ်ကောင်စီက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို အပ်နှင်းသည်ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ဆန်းပိုင်းတွင် ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထိပ်သီးရွှေဆိုင်ပိုင်ရှင်များအပါအဝင် ၁၀ ဦးကိုလည်း ဆက်လက်ဖမ်းဆီးမည်ဟု ထုတ်ပြန်ခဲ့သည်။
ယင်းရွှေဆိုင်ပိုင်ရှင်များထဲတွင် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ဦးအောင်ကောင်းမြတ်၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်းတို့ ပါဝင်သည်။