ကောင်းချစ်အောင်
အောက်တိုဘာ ၂၄၊ ၂၀၂၄။
ဒီကနေ့ အောက်တိုဘာ ၂၄ ရက်နေ့ဟာ အာဏာသိမ်းစစ်တပ်နဲ့ ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး ၅ ရက်တာ ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းကို ကပ္ပလီပင်လယ်ပြင်မှာ လုပ်ဆောင်တာဟာ နောက်ဆုံးရက်ဖြစ်ပါတယ်။
အခုလို နှစ်နိုင်ငံပူးတွဲလေ့ကျင့်တာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပင်လယ်ပြင်မှာ မြေပြင်၊ ဝေဟင်နဲ့ ရေအောက်လေ့ကျင့်ခန်းတွေ လက်တွေ့လေ့ကျင့်ပစ်ခတ်တာတွေ ပါဝင်တယ်။ ဒါပေမယ့်လည်း အင်အားအတိအကျကိုတော့ မသိရသေးပါဘူး။
လေ့ကျင့်ရေးကာလအတွင်း လေ့ကျင့်ရေးနေရာရဲ့ ၅ မိုင်ပတ်လည်မှာ သင်္ဘောတွေ၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့လည်း စစ်ကောင်စီက သတိပေးခဲ့ပါတယ်။
ဒါ့အပြင် လေယာဉ်၊ ရဟတ်ယာဉ်တွေအနေနဲ့ လေ့ကျင့်ခန်းဆောင်ရွက်နေချိန်အတွင်း အမြင့်ပေ ၁၅,၀၀၀ အောက် ဖြတ်ကျော်ပျံသန်းတာတွေ မလုပ်ဖို့ တားမြစ်ခဲ့ပါသေးတယ်။
အခုလို ရုရှား- မြန်မာ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် ရုရှားရဲ့ပစိဖိတ်ဆိုင်ရာ ရေတပ်စစ်သင်္ဘောအုပ်စုက စစ်ရေယာဉ် (၃) စီးနဲ့ ထောက်ပံ့ရေးရေယာဉ် (၁) စီးတို့ဟာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ပြီးခဲ့တဲ့ အောက်တိုဘာ (၂၀) ရက်က ရောက်ရှိခဲ့ပါတယ်။
ရုရှားနဲ့ စစ်ရေးလေ့ကျင့်မှုတွေလည်း ခပ်စိပ်စိပ်ပြုလုပ်လာနေပြီး အခုနှစ်အတွင်း အကြိမ်ပေါင်း ၅၀ ကျော် ပူးတွဲစစ်ရေးလှုပ်ရှားဖို့ စီစဉ်ထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်တွင်းထုတ်သင်္ဘောတွေအတွက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ပြီး ရေတပ်အတွက် ထူးခြားတဲ့ စွမ်းအားတစ်ရပ် ဖြည့်တင်းနိုင်ခဲ့တာလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူ့အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရာထူးရရှိချိန် ၂၀၁၁ ခုနှစ်ကစပြီး ရေတပ်ကို အဆင့်မြှင့်အောင် လုပ်ဆောင်လိုစိတ်ပြင်းပြခဲ့တာပါ။
သူ့ရဲ့ရည်မှန်းချက်ကိုလည်း အခါအခွင့်သင့်သလို ရေတပ်နှစ်ပတ်လည်အခမ်းအနားတိုင်းလိုလိုမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် ရေတပ်အတွက် လက်နက်ဖြည့်တင်းမှုနဲ့ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်မှာ စစ်ကောင်စီဟာ ကမ်းခြေစောင့်ရေတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး စစ်ရေယာဥ် ၄ စီး ပါဝင်ပါတယ်။ အခုနှစ်မှာတော့ ကမ်းခြေစောင့်တပ်ဖွဲ့မှာ စုစုပေါင်းစစ်ရေယာဉ် ၁၈ စီးအထိ အင်အားတိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ ရေတပ်ရဲ့စွမ်းရည်တိုးတက်ရေးအတွက် ပစ်မှတ်ကို အလွယ်တကူရှာဖွေနိုင်တဲ့ ဆိုနာစနစ်ကို စင်္ကာပူနိုင်ငံကနေဝယ်ယူခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလမှာ ရုရှားနိုင်ငံက စစ်သည် ၈၀၀ ကျော်၊ ဖျက်သင်္ဘောသုံးစီးပါဝင်တဲ့ ရေတပ်အုပ်စုရောက်ရှိလာပြီး မြန်မာစစ်တပ်နဲ့ သမိုင်းကြောင်းတလျောက် ပထမဆုံး စစ်ရေးပူးပေါင်းလေ့ကျင်မှုတစ်ရပ်ကို နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ သုံးရက်ကြာလုပ်ဆောင်ခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးနဲ့ မရှေးမနှောင်းမှာပဲ စစ်သည်အင်အား ၇၀၀ ကျော်ပါဝင်တဲ့ တရုတ်ရေတပ်သင်္ဘောသုံးစီး ရောက်ရှိလာပြီး ကမ်းလွန်ပင်လယ်ပြင် စစ်ဆင်ရေးကို နှစ်ရက်အကြာ လုပ်ဆောင်ခဲ့ပါသေးတယ်။
အဲဒီနောက် ၇၄ နှစ်မြောက် ရေတပ်အခမ်းအနားမှာ စစ်ကောင်စီရေတပ်ဟာ ပထမအဆင့်ဖြစ်တဲ့ မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်ရေးအတွက် ဝေဟင်၊ ရေပြင်၊ ရေအောက်စတဲ့ သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိတဲ့တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်ရောက်ရှိနေပြီဖြစ်တယ်လို့ဆိုခဲ့တာပါ။
အိန္ဒိယကနေ ရေငုပ်သင်္ဘာနှစ်စီးရောက်ရှိလာတဲ့အတွက် ဝေဟင်၊ ရေပြင်၊ ရေအောက်သုံးခုစလုံးမှာ တိုက်ပွဲဝင်နိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း မြန်မာ့ပင်လယ်ပြင်နဲ့ ဆက်စပ်ပင်လယ်ပြင်တွေမှာ အင်အားဖြန့်ကြက်နိုင်စွမ်းရှိတဲ့ ရေတပ်အဖြစ် တည်ဆောက်လျက်ရှိနေပြီး ရေရှည်မျှော်မှန်းချက်အနေနဲ့ အကျိုးစီးပွားတွေ ဆက်စပ်တည်ရှိရာ ကမ်းလွန်ပင်လယ်ပြာကို အင်အားပို့လွှတ်နိုင်တဲ့ရေတပ်အဖြစ် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
မြန်မာ့ရေတပ်ရဲ့အကြီးဆုံးသင်္ဘောအဖြစ် မုတ္တမအမည်ရတဲ့ LPD အမျိုးအစား ဘက်စုံသုံးစစ်သင်္ဘောကြီးက ရပ်တည်နေပါတယ်။ တောင်ကိုရီးယားနိုင်ငံဆိပ်ကမ်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကိုတော့ အာဏာမသိမ်းခင် တစ်နှစ်အလိုမှာ စတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အဲဒီသင်္ဘောကြီးဟာ ကုန်းပတ်တစ်ခု ရဟတ်ယာဉ်ကွင်းနှစ်ခုနဲ့ သိုလှောင်ရုံတွေ ပါရှိပြီး အနည်းဆုံး Mi 17 ရဟတ်ယာဉ်နှစ်စင်း ထားရှိနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒေသတွင်းအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်ရေတပ်တွေကို LPD အမျိုးအစားစစ်သင်္ဘောတွေနဲ့ ဖွဲ့စည်းထားပြီး ပထမဆုံး LPD သင်္ဘော မုတ္တမကို မြန်မာရေတပ်ရဲ့ ခြေလှမ်းအသစ်တစ်ခုအဖြစ် တင်စားပြောဆိုလေ့ ရှိကြပါတယ်။
ဘင်္ဂလားပင်လယ်အတွင်း အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ ယှဉ်ပြိုင်နိုင်ဖို့ စစ်ကောင်စီဟာ အိန္ဒိယနိုင်ငံကနေ ရေငုပ်သင်္ဘောနှစ်စင်းကို ဝယ်ယူခဲ့ပါတယ်။ အဲဒီသင်္ဘောတွေဟာ ရုရှားနိုင်ငံက ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယက တဆင့် ဝယ်ယူအသုံးပြုထားတဲ့ တစ်ပတ်ရစ်သင်္ဘောတွေဖြစ်ပေမယ့် စစ်ခေါင်းဆောင်တွေကတော့ ရေတပ်အဆင့်အတန်းတစ်ဆင့် မြင့်လာပြီလို့ သုံးနှုန်းခဲ့ကြပါတယ်။
ပထမဆုံးရေငုပ်သင်္ဘောကို မင်းရဲသိင်္ခသူလို့အမည်ပေးခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ရောက်ရှိခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဒီဇင်ဘာမှာ မင်းရဲကျော်ထင်လို့အမည်ပေးထားတဲ့ နောက်ထပ်တစ်စီး ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
မြန်မာ့ရေတပ်ဟာ ရုရှားစစ်တပ်ဆီက နည်းပညာအကူအညီရယူပြီး စစ်သင်္ဘောတွေကို ပြည်တွင်းမှာ ကိုယ်တိုင်တည်ဆောက်နေခဲ့ပြီး ၂၀၂၃ ဒီဇင်ဘာအထိ စာရင်းအရ SUPER DOVRA အမျိုးအစား အမြန်ကင်းလှည့်ရေယာဉ် ၈ စီးအထိ ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်တွင်းထုတ်သင်္ဘောတွေအတွက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ပြီး ရေတပ်အတွက် ထူးခြားတဲ့ စွမ်းအားတစ်ရပ် ဖြည့်တင်းနိုင်ခဲ့တာလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ် နိုင်ငံအသီးသီးရဲ့စစ်တပ်စွမ်းရည်တွေကို နှစ်စဉ်ဖော်ပြနေတဲ့ Global Fire Power ကတော့ စစ်ရေယာဉ်ပိုင်ဆိုင်မှုမှာ မြန်မာ့ရေတပ်ဟာ ၁၄၅ နိုင်ငံမှာ ကမ္ဘာ့အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
အဲဒီစာရင်းအရ မြန်မာရေတပ်ဟာ စစ်ရေယာဉ်အမျိုးအစားပေါင်း ၂၂၇ အထိ ပိုင်ဆိုင်ထားပြီး ဖရီးဂိတ်စစ်သင်္ဘောကြီး ၆ စီး၊ ရေငုပ်သင်္ဘော ၂ စင်း၊ သယ်ယူထောက်ပို့ယာဉ် ၁၀၀ ကျော် ရှိနေပါတယ်။
မြန်မာရေတပ်မှာ လေယာဉ်တင်သင်္ဘောပိုင်ဆိုင်မှုတော့ မရှိပေမယ့် စစ်မှုထမ်းအင်အား ၁၉,၀၀၀ နီးပါးရှိကာ ကမ်းထိုးတိုက်ရေယာဉ်၊ မြစ်တွင်းသွားကင်းလှည့်အမြန်ရေယာဉ်၊ ကမ်းလွန်ကင်းလှည့်ရေယာဉ်၊ ကမ်းခြေစောင့်တိုက်ရေယာဉ်ဆိုပြီး ခွဲခြားထားပါတယ်။
တစ်ဖက်မှာလည်း တပတ်ရစ်ပစ္စည်းတွေနဲ့ ခေတ်မီရေတပ်တည်ဆောက်ရေးကို အာဏာသိမ်းစစ်ခေါင်းဆောင်က ကြိုးပမ်းနေပေမယ့် အာရက္ခတပ်တော်- AA နဲ့ တိုက်ပွဲတွေမှာတော့ ရှုံးနိမ့်မှုများစွာရင်ဆိုင်ခဲ့ရပါတယ်။
AA ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ကနေ ၁၃ ရက်အထိ ခြောက်ရက်တာ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘောသုံးစီး၊ ဇက်သင်္ဘောနှစ်စီးတိုက်ခိုက်ချေမှုန်းနိုင်ခဲ့သလို တခြားလေးစီးမှာလည်း ရေချလို့မရတော့တဲ့အထိ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သံတွဲမြို့နယ်ထဲက မောင်ရွှေလေးရေတပ်စခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ရေတပ်စခန်းတစ်ခုကို ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ဖြစ်လာပါတယ်။
အာရက္ခတပ်တော်-AA စစ်တဲ့စာမေးပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ စစ်ကောင်စီရေတပ်ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် အမြင့်ဆုံးမျှော်မှန်းထားတဲ့ ပင်လယ်ပြာအဆင့် ရေတပ်အိပ်မက်ဟာ မပီပြင်ဝိုးတဝါးပါပဲ။