သံလွင်ခက်
အောက်တိုဘာ ၂၂၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုနှင့် နမ့်ဆန့်မြို့နယ်ကို စစ်ကောင်စီလေတပ်က တိုက်ခိုက်ရေးလေယာဥ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ်အချို့နှင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် နောင်ချိုမြို့၊ သပြေနှင့် ပါဟတ်ရပ်ကွက်ကို စစ်ကောင်စီလေတပ်က ပေါင် (၃၀၀) ဗုံး (၂) လုံးနှင့် ဗုံး (၆) လုံး ကြဲချခဲ့သဖြင့် ပါဟတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ယင်းနေ့မနက်ပိုင်းတွင်လည်း နမ်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲကာ ကျောင်းဆောင်အချို့ထိခိုက်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်ညလည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- TNLA