သံလွင်ခက်
အောက်တိုဘာ ၁၁၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာနေ အမျိုးသားတစ်ဦး ကျွဲကျောင်းချိန် မြေမြှုပ်မိုင်းနင်းမိခဲ့သဖြင့် ခြေထောက်နှင့် လက်ချောင်းများ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ၎င်းတို့အိမ်အနီးရှိ စစ်ကောင်စီတပ်စခန်းချခဲ့သည့်နေရာတွင် ကျွဲ ကျောင်းရင်း မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ဘယ်လက်သုံးချောင်းနှင့် ညာခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ ဘက်ခြေထောက်မှာလည်း အရိုးကြေမွေနေသဖြင့် ဖြတ်နိုင်ချေရှိပြီး လက်ရှိနမ့်ခမ်းဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
အဆိုပါမိုင်းနင်းမိသည့် အမျိုးသားတွင် ကလေး ၃ ဦးရှိပြီး အမျိုးသမီးဖြစ်သူမှာလည်း ကိုယ်ဝန်ဆောင်နေသောကြောင့် မိသားစုစားဝတ်နေရေး အလွန်ခက်ခဲဖြစ်ပြီး အကူအညီလိုအပ်နေသည်ဟု သိရသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်ပျံ့နှံ့မှုများဟာ ပြီးခဲ့သည့်နှစ်အတွင်း စိုးရိမ်ဖွယ်အဆင့်ရောက်လာခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အရပ်သားများအတွက် ဆိုးရွားသည့် အသက်အန္တရာယ်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးမှုသိသိသာသာမြင့်တက်ခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA) က ယခုနှစ်မေလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ ထိခိုက်သေဆုံးသူ စုစုပေါင်း ၁,၀၅၂ ဦးရှိခဲ့ပြီး အဆိုပါ ထိခိုက်သေဆုံးမှုများသည် မှတ်တမ်းများ စတင်ချိန်ကတည်းက အမြင့်ဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ် ထိခိုက်သေဆုံးသူအရေအတွက် ၃၉၀ ဦးနှင့် နှိုင်းယှဥ်ပါက ၂၇၀ ရာခိုင်နှုန်းအထိ သိသိသာသာတိုးမြင့်လာခြင်းဖြစ်သည်။
ဓာတ်ပုံ- တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO