ခင်သရဖီဦး
အောက်တိုဘာ ၁၁ ၊ ၂၀၂၄။
ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၄ ဦးသေဆုံးခဲ့ ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန့်နေ အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်နှင့် လမ်းမကြီးရပ်ကွက်ရှိ အမှုန့်ကြိတ်စက်ရုံပေါ်သို့ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
“နေ့တိုင်းလည်း လေယာဉ်လာတဲ့ အသံကို ကြားနေရတာပေါ့။ မနေ့ကလည်း လေယာဉ်လာတဲ့အသံကို ကြားတာနဲ့ ချလိုက်ပြီ”ဟု ကျောက်တော် ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူများမှာ ဦးအေးကျော် (၄၃) နှစ်၊ ဦးကျော်သိန်းလှ (၅၃) နှစ်၊ ဦးမောင်ထွန်းနိုင် (၄၅) နှစ်နှင့် မသန္တာအေး (၁၈) နှစ်တို့ဖြစ်ကြပြီး အသက် ၆ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ နီးစပ်ရာဆေးခန်းများတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။
ကျောက်တော်မြို့တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ တစ်လကျော်ရပ်တန့်ပြီးနောက် ယခုကဲ့သို့ ပြန်လည်တိုက်ခိုက်လာသည့်အတွက် ဒေသခံများမှာ စိုးရိမ်နေကြရသည်ဟု ပြည်တော်သာရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
“အရမ်းစိုးရိမ်းတာပေါ့။ ကျွန်မဆို မနေ့က ကြောက်ပြီး အိမ်အောက်ပြေးဆင်းတာ၊ ခြေချော်ပြီးတော့ လဲကျသွားတယ်။ ခြေထောက်က ယောင်ပြီး အခုလမ်းတောင် မလျှောက်နိုင်တော့ဘူး။ နှလုံးရပ်သလို ခံစားရတယ်။ တစ်ညလုံးလည်း မအိပ်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။
ဓာတ်ပုံ- ခင်သရဖီဦး/သံလွင်ခက်။