(စစ်ကိုင်းတိုင်းအတွင်း ဘုတလင်- ဘီလူးစစ်ကြောင်းပြီးနောက် ဒုတိယချေးမှုန်းခံရသည့် တပ်ပေါင်းစုဖြစ်သည်)
သံလွင်ခက်
အောက်တိုဘာလ ၁၀၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီမှ ၎င်းတို့ပိုင်ဆိုင်ထားသည့် လေယာဉ် ၉ မျိုးအသုံးပြု၍ အကြိမ်ရေရာချီဖြင့် ဗုံးထောင်ချီ ကြဲချတိုက်ခိုက်ခုခံခဲ့သော်လည်း အင်အား ၇၀၀ ရှိသည့် တပ်ရင်း ချေးမှုန်းခံခဲ့ရသည် ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ/ PDO) က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Y- 8/12၊ Yak- 130၊ MiG- 29၊ FTC- 2000G၊ K- 8W၊ Mi- 2/17/35၊ ကင်းထောက်လေယာဉ်တို့ဖြင့် အကြိမ် (၆၇၀) ကျော်ဖြင့် ဗုံး ၅,၀၀၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ ဦးခန့်သေဆုံးကာ ၂၀၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၂၀၀ ကျော်ပျောက်ဆုံးလျက်ရှိခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်သား ၄၈ ဦးအလင်းဝင်ရောက်ခဲ့ပြီး စစ်သုံ့ပန်း (၁၀၂) ဦး ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲအတွင်း မူးယစ်ဆေးဝါးသုံးစွဲထားသည့် တပ်ဖွဲ့ဝင်များကိုလည်း တွေ့ရှိရပြီး ၎င်းတို့နောက်ဆုံးအခြေပြုရဲစခန်းမှ ဘိန်းမဲအထုပ် (၁၈) ထုပ် (ခမ ၁ ပိဿာထုပ်)၊ ဘိန်းဖြူ (ဆပ်ပြာခွက်) (၁,၃၅၂) ခု၊ ဘိန်းဖြူအထုပ်သေး (၁,၂၈၅) ခု သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီထံမှ ကျောက်စိမ်းတုံး (လက်ကောက်) ဆိုဒ်စုံ (၂၃၄) ခုအပါအဝင် လက်နက်ကြီး-ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲယမ်းမီးကျောက်အမြောက်အများ၊ Starlink အစုံ (၁) ခု (ဗန်းကွဲ)၊ အထိုင် Jammer (၅) ခု၊ Jammer Battery (၅) ခု၊ Jammer Battery အားသွင်းခုံအစုံ (၄) ခု၊ ကျောလွယ် Drone Shooter Gun (၄) စုံ၊ Drone Shooter Gun Tablet (၁) ခု၊ Drone အသေး (၁) ခု၊ ဆက်သွယ်ရေးစက် အစုံ (၈) ခု၊ ဆက်သွယ်ရေးစက် Power Supply လက်လှည့် (၉) ခု၊ လက်ဗွေစစ်သေတ္တာပုံး (၁) ခု သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ မြို့သိမ်းတိုက်ပွဲကို ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူးကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင်အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၃) တပ်ရင်းများ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကော လင်းမြို့နယ်/ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ/ PDO)