သံလွင်ခက်
အောက်တိုဘာ ၁၁၊ ၂၀၂၄။
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ အမှတ် (၂) ရက်ကွက် ရွာသစ်မှ ပျောက်ဆုံးနေသည့် ဒေသခံနှစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်ဟု အာရက္ခတပ်တော်- AA က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ဦးစံရွှေမောင် (၆၇) နှစ်နှင့် ဦးမောင်မြအောင် (၆၅) နှစ်တို့သည် အိမ်ဆောက်ဝါးခုတ်ရန် ဂုံးနားရွာသို့ ထွက်ခွာခဲ့ပြီးနောက် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကာ ၄ ရက်အကြာတွင် ယင်းဂုံးနားရွာရှိ “ဖာရုပ်” ၏နေအိမ်ခြံဝင်းအတွင်း၌ ဦးခေါင်းပြတ်လျက် မြေမြှုပ်ထားခဲ့သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါရုပ်အလောင်းနှစ်လောင်းကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ DLEPS ၏ အာရက္ခပြည်သူ့လုံခြုံရေးတပ် ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် မှုခင်းဆိုင်ရာဆေးဘက်ဝန်ထမ်းအဖွဲ့များမှ သွားရောက်တူးဖော်ခဲ့ ပြီး မိသားစုဝင်များကို အကြောင်းကြားကာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လက်နက်ကိုင် အာဆာ (ARSA) တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေလျက်ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- AA Info Desk ရုပ်သံမှတ်တမ်း။