သံလွင်ခက်
အောက်တိုဘာ ၉၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို ယမန်နေ့က အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး လက်နက် ၄၀၀ ကျော်နှင့် စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးနိုင်ခဲ့သည်ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ/ PDO) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်ညတွင် ရဲစခန်းနှင့် စစ်ကူလာရောက်သည့် စကစတပ်ဖွဲ့ဝင်များက ဒဏ်ရာရသူများ၊ မိသားစုဝင်များနှင့် ရိက္ခာပြတ်လပ်ခြင်းကြောင့် လက်နက်ချ ဆုတ်ခွာခွင့်တောင်းခံခဲ့သဖြင့် ဝန်းသိုမြို့သို ဆုတ်ခွာခွင့်ပြုခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့ဖြစ်သည်ဟု ထုတ်ပြန်ချက်တွေင် ဖော်ပြထားသည်။
အဆိုပါ ပင်လည်ဘူးမြို့ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ပြီး KIA အပါအဝင်ပြည်သူ့ကာကွယ်ရေး တပ် ၁၂ ဖွဲ့က မြို့တွင်းတပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခမရ ၃၀၁၊ ခမရ ၁၀၁၊ ခမရ ၁၁၁၊ SNA တပ်ရင်း ၆၁၄၊ ရဲတပ်ဖွဲ့တို့ကို ၅၃ ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် မြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ခမရ ၃၆၃၊ ခမရ ၁၆၊ ခမရ ၃၆၈၊ ခမရ ၈၇ ဖြင့် စစ်ကူ ၄ ကြိမ်ပေးခဲ့ကာ လေကြောင်းမှ ပေါင် ၅၀၀၊ ၃၀၀၊ ၂၀၀ တို့ကိုအသုံးပြုပြီး အကြိမ်ရေ ၁၃၀ ကျော်ဖြင့် ဗုံး ၃,၀၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့များထံမှ လက်နက် (၄၀၀) ကျော်နှင့် သုံ့ ပန်းအမြောက်အမြားဖမ်းဆီးရမိကာ ၎င်းတို့နောက်ဆုံးအခြေပြုရဲစခန်းအတွင်းမှ ဘိန်းဖြူခွက် ၈၀ ခန့်ကို သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါမြို့သိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ အထူးတပ်ရင်းများ၊ ကွန်မန်ဒိုတပ်ရင်းများ၊ ဗျုဟာထုတ်နှုတ်တပ်ဖွဲ့များ၊ ကွပ်ကဲရေးတပ်ဖွဲ့များ၊ တိုင်း PDF ဒရုန်းတပ်ဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှတပ်ဖွဲ့ဝင်များ၊ အမှတ် ၁ စစ်ဒေသစစ်ကိုင်းတိုင်းပြည်သူ့ ကာကွယ်ရေးအဖွဲ့ကွပ်ကဲမှုအောက်ရှိ (ပကဖ) လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ကန့်ဘလူခရိုင် (ပကဖ) လှုပ်ရှား တိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ရွှေဘိုခရိုင် (ပကဖ) ဒရုန်းတပ်ဖွဲ့နှင့် တိုက်ခိုက်ရေးတပ်ဖွဲ့၊ ဒေသခံကောလင်းခရိုင် (ပကဖ) လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များ (ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ် ပကဖတပ်ဖွဲ့ဝင်များ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ ပါဝင်တိုက်ခိုက်ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ/PDO)