သံလွင်ခက်
အောက်တိုဘာ ၈၊ ၂၀၂၄။
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့- DLEPS မှ တပ်ဖွဲ့ဝင်တချို့ကို ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ယမန့်နေ့တွင် ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်ဟု AA က ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက် နံနက်ပိုင်းတွင် အမှတ် (၂) ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်သည့် ဦးစံရွှေမောင် (၆၇) နှစ်နှင့် ဦးမြအောင် အသက် (၆၅) နှစ်တို့သည် ဂုံးနာရွာအနီးသို့ အိမ်ဆောက်ဝါးခုတ်ရန် ထွက်ခွာခဲ့ပြီး နေ့လည်ပိုင်းအချိန်အထိ အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ထို့နောက် နေ့လည် (၁) နာရီခွဲတွင် ယင်းကျေးရွာအနီးသို့ DLEPS လုံခြုံရေးတပ်ဖွဲ့ဝင် ၃ မှ လူပျောက်ရှာထွက်လာချိန်တွင် ARSA အဖွဲ့မှ ခြုံခိုပစ်ခတ်သဖြင့် တပ်ဖွဲ့ဝင် (၁) ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကာသေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။
ထို့အပြင် ၎င်းတို့စီးနင်းခဲ့သည့် မော်တော်ဆိုင်ကယ်မှာလည်း တိုက်ခိုက်ခံရသည့်နေရာ၌ပင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။
ခြုံခိုတိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အား အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော်တို့သည် လိုက်လံဖမ်းဆီလျက်ရှိသည့်နည်းတူ ပျောက်ဆုံးနေသူ ရွာသားနှစ်ဦးအားလည်း ရှာဖွေလျက်ရှိသည်ဟု AA က အသိပေး ထုတ်ပြန်ထားသည်။