သံလွင်ခက်။
အောက်တိုဘာ ၈ ၊ ၂၀၂၄ ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ-၂၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် (ဝန်ကြီးချုပ်-မန္တလေးတိုင်းဒေသကြီး)၏ စျာပန အခမ်းအနားကို ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။
ယနေ့ နံနက် ၁၀ နာရီတွင် ကျွဲဆည်ကန်နေအိမ်မှ တောင်အင်းမြောက်အင်း သုဿန်သို့ ပို့ဆောင်မီးသဂြိုလ်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်၏ နောက်ဆုံးခရီးကို မြို့လုံးကျွတ်နီးပါးလိုက်ပါ ပို့ဆောင်ခဲ့ကြပြီး ယာဥ်တန်းဖြတ်သန်းရာ လမ်းတလျောက် ဘေးဘယ်ညာတွင်လည်း ပြည်သူများက စောင့်ကြို ဂါဝရပြု နှုတ်ဆက်ခဲ့ကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
မန္တလေးအိုးဘိုထောင်တွင် အကျဉ်းချခံထားရပြီး သွေးကင်ဆာဝေဒနာခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ ၇ရက် နံနက် ၃နာရီခန့်တွင် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
အကျဥ်းထောင်အတွင်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရသည့်အတွက် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖမ်းဆီးခဲ့ကာ သဘာဝဘေးဥပဒေချိုးဖောက်မှု၊ ပုဒ်မ ၅၀၅ – ခ၊ ပုဒ်မ ၁၇၁ (စ)၊ ပုဒ်မ ၁၃၀ (က ) တို့အပါအဝင် စုစုပေါင်း အမှု ၉ မှုဖြင့် ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားခဲ့သည်။
စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်အထိ စစ်အုပ်စုနှင့် ၎င်းတို့ ၏လက်ပါးစေများ၏လက်ချက်ဖြင့် အကျဉ်းထောင်အတွင်းချုပ်နှောင်ခံထားရစဉ် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ ရသူ (၁၀၃) ဦးရှိခဲ့သည်ကို AAPP က ထုတ်ပြန်ထားသည်။
အဆိုပါ ၁၀၃ ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းတို့အနက် ထောင်တွင်း၌ ဆေးဝါးကုသမှုမလုံလောက်ခြင်း ကြောင့် သေဆုံးခဲ့ရသူ (၆၃) ဦး ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။