သံလွင်ခက်။
အောက်တိုဘာ ၈ ၊ ၂၀၂၄။
စစ်ကောင်စီက အကျဉ်းထောင်တွင်း၌ ဆေးဝါးကုသမှုလုံလောက်အောင် မထားရှိဘဲ နိုင်ကျဉ်းများကို သေဆုံးခါနီးမှ လွှတ်ပေးခြင်းသည် အကြံဆိုးဖြင့် သေဒဏ်ပေးခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း- AAPP က ယမန်နေ့တွင် ထုတ်ပြန်သည်။
“ဒီလို သေဆုံးကာနီးမှ လွှတ်ပေးကြောင်းထုတ်ပြန်တာဟာ အရင် စစ်အာဏာရှင်အဆက်ဆက်မှာလည်း ရှိခဲ့ပါတယ်။ ဒီ လုပ်ရပ်ဟာ စစ်အာဏာရှင်တို့ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအကျဉ်းသားများအပေါ် အကြံ ဆိုးနဲ့ သေဒဏ်ပေးခြင်းပဲဖြစ်တယ်” ဟု AAPP ၏ အတွင်းရေးမှူးဦးတိတ်နိုင်က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်အထိ စစ်အုပ်စုနှင့် ၎င်းတို့ ၏လက်ပါးစေများ၏လက်ချက်ဖြင့် အကျဉ်းထောင်အတွင်းချုပ်နှောင်ခံထားရစဉ် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ ရသူ (၁၀၃) ဦးရှိခဲ့သည်ကို AAPP က ထုတ်ပြန်ထားသည်။
အဆိုပါ ၁၀၃ ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းတို့အနက် ထောင်တွင်း၌ ဆေးဝါးကုသမှုမလုံလောက်ခြင်း ကြောင့် သေဆုံးခဲ့ရသူ (၆၃) ဦး ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့တွင် ကွယ်လွန်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ၂၀၂၀ ခုနှစ် ရွေးကောက်ခံ အမရပူရမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဒုတိယဥက္ကဌ၊ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်းကျခံနေရစဉ်အတွင်း လုံလောက်သည့်ဆေးကုခွင့် မရရှိဘဲ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ပြီးခဲ့သည့် ဩဂုတ်လတွင် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သည့် မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာ ကိုဖေ မောင်စိမ်းသည် အကျဉ်းထောင်တွင်း ကျန်းမာရေးအလွန်ဆိုးရွားလာပြီး အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေ ဖြစ်လာခဲ့ပြီး အသက်ရှင်နိုင်စွမ်းမရှိတော့သည့်အချိန်တွင် အာဏာပိုင်များမှ အကျဉ်းထောင်မှ လွှတ်ပေးလိုက်ပြီး ၃ ရက်အကြာ၌ သေဆုံးခဲ့သည်။
AAPP အနေဖြင့် ယခုကဲ့သို့ အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အတွက် တရားမျှတမှုရရှိသည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ထိုသို့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသည့် ကျူးလွန်သူစစ်အုပ်စုအား ထိရောက်စွာအရေးယူ ပေးရန်လည်း တောင်းဆိုထားသည်။