နန်းဆုပန်ခန့်
အောက်တိုဘာ ၅၊ ၂၀၂၄။
အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန- MOD လက်အောက်ခံတပ်ရင်းမှ နှုတ်ထွက်သည်ဟု ကျားဖြူစစ်ကြောင်း ဒုတပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းသည် ယနေ့နံနက်ပိုင်းတွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
ကိုယ်ပိုင်အမှတ် အမှတ် P29909001 ရှိသည့် ဗိုလ်ကျော်ဟိန်းသည် တချို့သောအဆင်မပြေမှုတွေကြောင့် NUG- MOD မှ ထွက်စာတင်ခြင်းဖြစ်သည်ဟု သံလွင်ခက်ကိုပြောသည်။
၎င်းက ” MOD ကတော့ ထွက်စာတော့မပေးသေးဘူးနော်။ ကျွန်တော်ကတော့ ထွက်စာပုံစံမျိုးနဲ့ တခါတည်း အပြီးတင်ထားတာနော်။ MOD မှာ ကျွန်တော့အနေနဲ့ အဆင်မပြေမှုများစွာနဲ့ပေါ့နော်၊ တချို့တချို့သောကိစ္စတွေကြောင့်ပေါ့နော်” ဟု ဆိုသည်။
ယခုလက်ရှိ MOD လက်အောက်တွင် နှုတ်ထွက်လိုက်ပြီဖြစ်သော်လည်း စစ်အာဏာရှင်စနစ်ကို ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်- DKBA တပ်ဖွဲ့ဝင် ဗိုလ်ကျော်သက်နှင့်အတူ ယခင်ကဲ့သို့ ပြန်လည်တိုက်ထုတ်မည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ကျားဖြူစစ်ကျောင်းသည် MOD လက်အောက်ခံ ဗျူဟာ ၃၁ လက်အောက် စစ်ကြောင်းတစ်ကြောင်းဖြစ်သည်။
လက်ရှိအချိန်မှာ ဗျူဟာ ၃၂ လက်အောက်ရှိ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Venom စစ်ကြောင်းတို့ဖြင့် စစ်ဆင်ရေးများဆောင်ရွက်နေသည်။
ပုံစာ – ဗိုလ်ကျော်ဟိန်းနှင့် ၎င်း၏ တပ်ဖွဲ့ဝင်များကို အာရှလမ်းမတစ်နေရာအားမြင်တွေ့နေရစဉ်။ ဓါတ်ပုံ – ဗိုလ်ကျော်ဟိန်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်။