ထွယ်
အောက်တိုဘာ ၅၊ ၂၀၂၄။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ဘက်ပိုင်းရှိ ရေရှင်မကျေးရွာကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံတစ်ဦးသေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
ယနေ့နေ့လည်ပိုင်းတွင် ယင်းကျေးရွာတွင် ကာကွယ်ရေးတပ်များ အစည်းအဝေးပြုလုပ်နေသည့် သတင်းထွက်ပေါ်ခဲ့ ပြီးနောက် စစ်ကောင်စီမှ ရှုခင်းသာနေရာကို ဗုံး (၂) ကြိမ်ကြဲတိုက်ခိုက်ခဲ့သဖြင့် အနီးအနားရှိ နွားကျောင်းနေသူတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
“လေကြောင်းပစ်တဲ့နားမှာ သူဖြတ်သွားတော့ အနားဝန်းကျင်ကသူတွေ သူ့ကို လှမ်းတားသေးတယ်။ ပထမတစ်ကြိမ် ပစ်တာမှာ သူလွတ်သွားတယ်။ အဲလိုဖြစ်တော့ သူလုံးဝကြောက်သွားတယ်ထင်တယ်။ ချုံထဲမှာ ပုန်းသွားတယ်။ အဲ့ချိန် နောက်တစ်ကြိမ်ကြဲတော့ ထိသွားတာ” ဟု ဂန့်ဂေါခရိုင် အမှတ် ၁၂ တပ်ရင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
သေဆုံးသွားသူသည် အသက် ၅၀ ဝန်းကျင်အရွယ် ကျွန်းခုံသာရွာမှ အမျိုးသားတစ်ဦးဖြစ်သည်ဟု သိရသည်။
လတ်တလောတွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်သဖြင့် ရေရှင်မကျေးရွာနှင့် ကျွန်းခုံသာကျေးရွာက ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ကန်ကျေးရွာကဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဓာတ်ပုံ- ပေးပို့