သံလွင်ခက်။
အောက်တိုဘာ ၅ ၊ ၂၀၂၄။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်- တပခ ကို ယနေ့နံနက်အစောပိုင်းတွင် ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့်ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး တပ်ရေးဗိုလ်ကြီးအပါအဝင် ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့သည်ဟု Brave Warriors for Myanmar (BWM) အဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ drone အစင်း ၁၀၀ သည် ယင်းတပခသို့ ရောက်ရှိနေခြင်းကြောင့် ယနေ့ အောက် တိုဘာလ ၅ ရက်၊ နံနက် ၃ နာရီခွဲတွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးကို ပစ်ခတ်ရာ ၄ လုံးကို ပစ်ခတ်နိုင်ခဲ့သည်ဟု Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်ထားသည်။
“သေဆုံးသူ ၅ ဦးနဲ့ တပ်ရေးဗိုလ်ကြီးအပါအဝင် စုစုပေါင်းဒဏ်ရာရသူ ၄ ဦးပါ” ဟု BWM အဖွဲ့၏တာဝန်ရှိသူတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
ယခုမစ်ရှင်သည် BWM ၏ ၂၃ ခုမြောက်တိုက်ခိုက်ခြင်းဖြစ်ပြီး လုံခြုံရေးတင်းကြပ်သည့်ကြားမှ တောင်ပိုင်းတိုင်းစစ် ဌာနချုပ်ကို ပထမဆုံးအကြိမ် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က တိုက်ခိုက်မှုလည်းဖြစ်သည်ဟု သိရသည်။
“ရေကြီးထားပြီးခါစဆိုတော့ သွားရတဲ့လမ်းတစ်လျှောက် ရွှံ့တွေက ဒူးဆစ်လောက်ရောက်နေတဲ့ကြား၊ လုံခြုံရေးတွေ အထပ်ထပ်ဝိုင်းနေတဲ့ကြားက ပစ္စည်းတွေရအောင်သယ်ပြီး ဝင်ပစ်ခဲ့တာပါ။ ရေကြီးမှုဖြစ်သွားတဲ့အတွက် ကျွန်တော် တို့ပြင်ဆင်ချိန်က မျှော်မှန်းထားတာထက်ပိုကြန့်ကြာခဲ့သလို ပိုလည်းခက်ခဲစွန့်စားခဲ့ရပါတယ်” ဟု (BWM) အဖွဲ့၏တာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အတွင်း တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်နေသော စစ်စခန်းများအား အမိန့်ပေးကွပ်ကဲနေသည့် အဓိကတိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။