ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၁၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် သုံးရက်အတွင်း စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ (၄) ဦး သေဆုံးခဲ့ပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ယနေ့ နေ့လည်ပိုင်းတွင် ထုတ်ပြန်သည်။
ပြီးခဲ့ စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုစက်တင်ဘာလအတွင်း ဒေသခံ ၂၆ ဦးအထိ သေဆုံးကာ ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဇာတ်စုရပ်ကွက်တွင် သုံးဦး၊ ဇာတ်စုရပ် နယ်မြေ (၃) တွင် တစ်ဦးနှင့် စျေးရပ်ကွက်ဘောလုံးကွင်းအနီးတွင် နှစ်ဦးစုစုပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ ပြီး နေအိမ်နှင့် စျေးဆိုင်ခန်း ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ရသည်။
စက်တင်ဘာလ ၂၉ ရက်၊ နေ့လည် ၃နာရီတွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် သီပေါမြို့တွင်းသို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သီပေါမြို့ ဓမ္မာရုံရှိအမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး စုစုပေါင်းငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့ပြင် သီပေါမြို့ ခါလိန်ကျေးရွာတွင် စစ်ကောင်စီတပ် ဗုံးကြဲချမှုကြောင့် အသက်(၇)နှစ်အရွယ် ကလေးငယ် (၁) ဦး အပါအဝင် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး(၁)ဦး မိသားစုဝင် (၃) ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ညကလည်း သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်ဟု သိရသည်။
ဓာတ်ပုံ-TNLA