ခင်သရဖီဦး
အောက်တိုဘာ ၁၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ လွတ်မြောက်နယ်မြေများတွင် ရခိုင်လူငယ်များမှ ရခိုင်ဘာသာဖြင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လုပ်လျက်ရှိသည်ဟု ယင်းရိုက်ကူးရေးအဖွဲ့များထံမှ သိရသည်။
“အဓိကကတော့ ရခိုင်ပြည်ကလူတွေ ရခိုင်ကားကို ကြည့်သင့်တာကြောင့် ရိုက်နေကြတာပေါ့။ တပ်တော်ကလည်း တစ် ရွာက ဗီဒီယိုနှစ်ကားလောက် မဖြစ်မနေထုတ်ရမယ်လို့ ပြောထားတာရှိတယ်လို့သိရတယ်။ ဒါကြောင့်လည်းပါတယ်” ဟု ပေါက်တောမြို့နယ်မှ ရိုက်ကူးရေးလုပ်နေသူ တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လကတည်းမှစတင်၍ လွတ်မြောက်နယ်မြေများဖြစ်သည့် ပေါက်တော၊ မင်းပြား၊မြေပုံ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်စသည့် မြို့နယ်များတွင် ရခိုင်ဘသာဗီဒီယိုဇတ်ကားများပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ရိုက်ကူးရေးများ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာနေခြင်းဖြစ်သည်။
သို့သော် ဇာတ်ကားရိုက်ကူးရေးပိုင်းတွင် နည်းပညာအခက်အခဲနှင့် ငွေကြေးအခက်အခဲများရှိနေသည်ဟု မြေပုံမြို့နယ်မှ ရခိုင်ဗီဒီယိုရိုက်ကူးရေးလုပ်နေသည့် ကိုလွင်ကိုက ဆိုသည်။
“အခက်ခဲကတော့ ရှိပါတယ်။ အဓိကတော့ နည်းပညာ အခက်အခဲရှိတယ်။ ဖုန်းနဲ့ရိုက်တယ်။ ကင်မရာနဲ့ တွဲရိုက်တဲ့ အခါလည်း ရိုက်နေကြတာပေါ့။ နောက် ကုန်ကျစရိတ်ငွေကြေး အခက်အခဲရှိပါတယ်။ ငွေကြေးကတော့ ရိုက်နေကြတဲ့ ရွာတိုင်းမှာရှိတာပါ” ဟု ၎င်းက ဆိုသည်။
ရခိုင်ဘာသာစကားဖြင့် အချစ်ဇာတ်လမ်း၊ ဟာသဇာတ်လမ်းစသည့် ဗီဒီယိုဇာတ်ကားများကို ဖုန်းကင်မရာဖြင့် ရိုက်ကူး တီးဖြတ်ကြပြီး ရခိုင်သံဇဉ်၊ ရခိုင်သီချင်းနှင့် ရခိုင်စကားများကိုသာ အဓိက အသုံးပြုထားသည်ဟု သိရသည်။
“အဓိက ကတော့ ရန်ပုံငွေ ရရှိအတွက် တခြားရွာတွေမှာလည်ပတ်ပြီး ရောင်းတယ်။ ကိုယ့်ရွာမှာဆို မယူမနေရ ဆိုသလို ရောင်းတယ်။ တခြား အနီးအနားက ရွာတွေကိုလည်း ရောင်းတာပေါ့” ဟု မင်းပြားမြို့နယ်မှ ရိုက်ကူးရေးလုပ်နေသူ တစ်ဦးကဆိုသည်။
လက်ရှိတွင် ဇာတ်ကားရာနှင့်ချီကိုလည်း ဖုန်းမှတစ်ဆင့်ဖြန့်ဝေခြင်းကာ ဗီဒီယိုဇာတ်ကားတစ်ကားလျှင် ငွေကျပ် ၂၀၀၀ ဖြင့် ရောင်းချပေးနေသည်ဟု သိရသည်။
ဓာတ်ပုံ- လွင်ကို
ပုံစာ- video ရိုက်ကွင်းတခုအား တွေ့ရစဥ်