ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၃၀၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ၁၀ ကြိမ်ခန့် တိုက်ခိုက်မှုပြုလုပ်နေသောကြောင့် မြို့နေပြည်သူအချို့ ပြန်လည်တိမ်းရှောင်နေကြသည်ဟု ဒေသခံများထံက သိရသည်။
ယခုစက်တင်ဘာလအတွင်း လားရှိုးမြို့ကို စစ်ကောင်စီက ၁၀ ကြိမ်းခန့် ကြောင်းတိုက်ခိုက်မှုပြုသဖြင့် အရပ်သားပြည်သူ ၄ ဦးထက်မနည်းသေဆုံးကာ ၃၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့၏ စာရင်းများအရ သိရသည်။
လားရှိုးမြို့မှ ပြင်ဦးလွင်မြို့သို့ တိမ်းရှောင်နေသည့်ပြည်သူတစ်ဦးက “ပြန်ထွက်လာကြမယ်လို့ကြားတယ်။ အဓိက မြို့တွင်းပိုင်းက ကြမ်းနေတာဆိုတော့လေ အဲ့ဘက်ကတော်တော်များများ ရှောင်ကြမယ်လို့ပြောတယ်” ဟု သံလွင်ခက်ကို ပြောသည်။
ယနေ့ စက်တင်ဘာ ၃၀ နံနက် ၁နာရီခန့်ကလည်း လားရှိုးမြို့ ရပ်ကွက် ၁၁ အနီးကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လားရှိုးမြို့ဒေသခံတစ်ဦးက ပြောသည်။
“အပျက်အစီးတွေကိုတော့ ရှင်းလင်းရေးလုပ်နေပါတယ်။ လူတွေကတော့ တချို့တလေ မြို့က ပြန်ထွက်သွားကြပါပြီ” ဟု ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားသည့် လားရှိုးမြို့ကို ပြန်လည်ရရှိနိုင်ရန် လေကြောင်းသုံးတိုက်ခိုက်နေသည်ဟု ပြောဆိုချက်များရှိသည်။
ဓာတ်ပုံ-FYV