ထွယ်
စက်တင်ဘာ ၂၉၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာတွင် ယနေ့နံနက် ၆ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအုပ်စုရှိ ယူမာကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားလာသဖြင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA ရှေ့တန်းရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“သူတို့ (စစ်ကောင်စီ) တွေ စစ်ရေးလှုပ်ရှားလာလို့ နှစ်ဖက်ပစ်ကြတာ။ အခုတော့ ရပ်သွားပါပြီ။ ဟိုတယ်အောက်ထပ်မှာ သူတို့ (စစ်ကောင်စီ) ရှိနေသေးတယ်” ဟု ပြောသည်။
ထို့ပြင် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာ၏ ရပ်ကွက် ၄ တွင်ရှိသည့် Lucky Men Hotel အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ဆက်လက်တပ်စွဲထားဆဲ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဖားကန့်မြို့ရှိ စစ်ကောင်စီ၏ တပ်မဗျူဟာကုန်းမှလည်း ဆိုင်းတောင်ကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိပြီး လက်နက်ကြီးတစ်လုံး ဖားကန့်မြို့ မြို့မရပ်ကွက်တွင် ကျရောက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဖားကန့်ဗျူဟာက ပစ်တဲ့လက်နက်ကြီးတွေ မြို့ပေါ်လည်းကျတယ်။ လူတော့မထိဘူး။ မြို့တော်ဘီယာဆိုင် အမိုးပေါ်ကျတာ လူတွေက စစ်ရှောင်ထားကြလို့တော်သေးတယ်” ဟု ၎င်းက ပြောသည်။
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၃ ပတ်ခန့်ရှိပြီဖြစ်ပြီး ဖားကန့်မြို့ ဒေသခံများသည်လည်း တိုက်ပွဲတိမ်းရှောင်နေသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်သည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တစ်မြို့နယ်လုံးတွင် KIA ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ရန် ဖားကန့်မြို့ဗျူဟာကုန်းနှင့် ရဲစခန်းအပါအဝင် တပ်စခန်း ၆ ခုခန့်သာ ကျန်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့လည်း ၎င်းတို့ ဆုံးရှုံးထားသည့် ကာကင်းစခန်းများကို ပြန်လည်ရရှိရန် စစ်ရေးလှုပ်ရှားလျက်ရှိသည်ဟု KIO ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက သံလွင်ခက်ကို ပြောသည်။
ဓာတ်ပုံ-ပေးပို့