စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကိုစစ်ကောင်စီတပ် ယနေ့နံနက်ပိုင်း၌လည်းမီးရှို့ဖျက်ဆီး နေသည်ဟု ဒေသခံများထံမှ သိရသည်။
ဒီပဲယင်းအရှေ့ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ယခုလဒီဇင်ဘာ ၁ရက်နေ့ကတည်းက မီးရှို့ဖျက်ဆီးနေခဲ့ရာ ကျေးရွာ ၁၂ ရွာထိ မီးရှို့ဖျက်ဆီးခံထားရသည်။
” များများစားစားဆိုရင် ရွားလုံးကျွတ်နီးပါး ကုန်သွားတာက အင်ပင်ဆို အိမ်ခြေ ၂၅၀ လောက်ရှိတယ်။ နများရွာဆိုလည်း အိမ်ခြေ ၂၀၀ ကျော်တယ်”ဟု ယခုလအတွင်း၌ ရွာလုံးကျွတ်မီးရှို့ခံထားရသည့် အခြေအနေကိုဒေသခံ တစ်ဦးက ပြောသည်။
ယခုလ ၉ ရက်တာအတွင်း၌ စစ်ကောင်စီတပ် များမီးရှို့မှုကြောင့် ပျော်ဘွယ်၊ မစိုးရိမ် ၊ ညောင် လှ၊ကံကုန်းကျေးရွာ၊ နများ ၊ ယဉ်ကျေး ၊ မူးရိုးကုန်း ၊ ဘန့်ဘွေး ၊ကုန်းကြီး ၊ အင်ပင် ၊ ကုန်းတဲ ၊ မြို့ကြီးကျေးရွာရှိ နေအိမ်များစွာပျက်စီးခဲ့ ပြီး ယနေ့နံနက်ပိုင်း၌လည်း ယဥ်ကျေး၊ မူးရိုးကုန်း ကျေးရွာများ မီးရှို့ခံနေရသည်။
ဒီပဲယင်းမြို့အတွင်းကို ရေဦးမြို့နယ်မှ ဝင်လာသည့်အင်အား ၉၀ ခန့်ရှိစစ်ကြောင်းနှင့် ရွှေဘိုမြို့နယ်မှ ဝင်လာသည့် အင်အား၆၀ ခန့်ရှိစစ်ကြောင်းတို့က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးဒေသခံပြည်သူအများအပြား အရေးပေါ်ထွက် ပြေးတိမ်းရှောင်နေကြရသည်။
“စစ်ရှောင်နေရာတွေတိုးလာတာ ၁၀ နေရာအထက်မှာရှိတယ်ပေါ့နော် ။ တချို့နေရာတွေဆိုလူဦး ရေ ၁၀၀၀ ကျော်အထိရှိတယ် “ဟု စစ်ရှောင် များကို ကူညီပေးနေသည့် ဒီပဲယင်းညီနောင် များ အဖွဲ့တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းများသည် စစ်ရှောင်များရှိရာနေရာတချို့နှင့်နီးကပ်လာသောကြောင့် ယမန်နေ့တွင်လည်း စစ်ရှောင်တချို့နေရာရွှေ့ ပြောင်းကြရသည်ဟု ၎င်းကပြောသည်။
ထိုသို့စစ်ကြောင်းများထိုးနေခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် စစ်ရှောင် များအတွက် စားနပ်ရိက္ခာကူညီနေသူများအနေဖြင့်လည်း နီးစပ်ရာ စစ်ရှောင်နေရာ သုံး၊ လေး နေရာအထိသာပို့ပေးနိုင်သည်ဟု သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ခင်ဦးမြို့နယ်နှင့်ရွှေဘိုမြို့များမှ ပြည်သူ ၂၀ ဦးကျော်ကို စစ်ကြောင်းတစ်လျောက်ဖမ်းဆီးထားသည့်အပြင် ဒီပဲယင်းကျေးရွာqများမှလည်းသံဃာတစ်ပါး နှင့် စိတ်မနှံ့သူတစ်ဦးအပါအဝင်ပြည်သူ ၁၀ဦးခန့်ကိုဖမ်းဆီး ထားသည်။
ယခုဒီဇင်ဘာလအတွင်း၌စစ်ကြောင်းထိုးနေစဥ် တွင် စစ်ကောင်စီတပ်ပစ်သတ်မှုကြောင့်ပြည်သူ တစ်ဦးသေဆုံးထား သည်။ စစ်ကြောင်းများကြောင့် ပြည်သူများထွက်ပြေးစဥ် တံတားကျိုးကျ၍ ပျောက်ဆုံးနေခဲ့သော ပြည်သူ ၃ ဦးအနက် သေဆုံးအလောင်းတစ်ခုကိုတွေ့ရပြီး ကျန်နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
ထို့ပြင် စစ်ကောင်စီတပ်စစ်ကြောင်းများနှင့်အတူ ဖမ်းဆီးခံထားရသည့် ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်းမြို့နယ်တို့မှ ပြည်သူ ၃၀ ဦးကျော်တို့၏ လက်ရှိအခြေအနေကိုလည်း အတိအကျမသိရှိကြရသေးဟု ဒီပဲယင်းညီနောင်များအဖွဲ့တာဝန်ရှိသူက ပြောသည်။
ပုံစာ-ဒီပဲယင်းကျေးရွာနေအိမ်များမီးရှို့ခံရမှုနှင့် ပြည်သူများထွက်ပြေးနေရမှု။