သံလွင်ခက်
စက်တင်ဘာ ၁၅၊ ၂၀၂၄။
မြန်မာရိုးရာလက်ဝှေ့ကစားသမား ညီနောင်တွေဖြစ်ကြတဲ့ ထွန်းလွင်မိုးနဲ့ သန့်ဇင်တို့ဟာ ရေဘေးသင့်ပြည်သူတွေအတွက် သူတို့အမြတ်တနိုးသိမ်းဆည်းထားတဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်နဲ့ ONE လက်အိတ်တစ်စုံကို လေလံတင်ရောင်းချသွားမယ်လို့ အသိပေးလိုက်ပါတယ်။
အမြတ်တနိုး သိမ်းဆည်းထားတဲ့ ချန်ပီယံခါးပတ်နဲ့ လက်အိတ်ကို အခုလို လှူဒါန်းဖြစ်ရတာ စီနီယာကစားသမား ထွန်းထွန်းမင်းရဲ့ ရေဘေးအလှူကို လေးစားအားကျရလို့ဖြစ်တယ်လို့ ထွန်းလွင်မိုးက ဆိုထားပါတယ်။
ထွန်းလွင်မိုးက “ကျွန်တော်မျက်စိနှစ်ကွင်း ကွယ်သွားသည်အထိ ပေးဆပ်ခဲ့ရတဲ့အမြတ်နိုးဆုံး ၂၀၁၆- ၂၀၁၇ ကမ္ဘာ့ချန်ပီယံခါးပတ်တစ်ခုနဲ့ သန့်ဇင်ရဲ့ အမြတ်နိုးဆုံး ပထမဦးဆုံးအနိုင်ရခဲ့တဲ့ ONE လက် အိတ် ၁ စုံကို လေလံတင်ရောင်းချပြီး ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းလိုက်ချင်ပါတယ်” လို့ သူ့ရဲ့ဖေစ့်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့ကစားသမား ထွန်းထွန်းမင်းကလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က သူဘဝရဲ့ ပထမဆုံး မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရေဘေးသင့်ပြည်သူတွေအတွက် လေလံတင်ရောင်းချသွားခဲ့တာပါ။
လာမဲ့ စက်တင်ဘာ ၂၇ ရက်မှာ သန့်ဇင်ဟာ ဂျပန်လက်ဝှေ့ကစားသမား တကဲရုနဲ့ ONE Friday Fights 81 မှာ ထိုးသတ်သွားဖို့ရှိနေပြီး ဒီပွဲကရတဲ့ ထိုးကြေးထဲကလည်း ထပ်မံလှူဒါန်းဖို့ရှိတယ်လို့ ထွန်းလွင်မိုးက အသိပေးထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ မြို့နယ် ၃၄ မြို့နယ်မှာ လူ ၂သိန်းကျော်ဟာ ရေဘေးသင့်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ- ထွန်းလွင်မိုးဖေ့စ်ဘွတ်ခ်