ထွယ်
စက်တင်ဘာ ၁၄၊ ၂၀၂၄။
စစ်ကောင်စီတပ်သည် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့) – MNDAA ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီဒေသအတွင်း သံလွင်လျင်ဟိုမြို့နယ်၊ နန်ဘိုင်းကျေးရွာကို ယမန်နေ့ည ၇ နာရီခန့်က လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထိုပစ်ခတ်မှုကြောင့် ဒေသတွင်းရှိ အရပ်သား ပြည်သူ ငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက်ကလည်း ကိုးကန့်တပ်ဖွဲ့ – MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ဒေသခံ တစ်ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် ဒေသခံပြည်သူများ၏ ကား အစီး ၂၀ ခန့်နှင့် ဟိုတယ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် MNDAA ထိန်းချုပ်နယ်မြေကို ရက်သတ္တပတ်အတွင်းပင် လေကြောင်းဖြင့် ၃ ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပုံ – The Kokang