( သိမ်းဆည်းရမိထားသော ပစ္စည်းများကို ပိုင်ရှင် လက်ထဲသို့ ပြန်လည် ပေးအပ် )
သံလွင်ခက်။
စက်တင်ဘာ ၁၄၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ မြို့သိမ်းတိုက်ပွဲအတွင်း ဒေသခံများ၏ ပစ္စည်းများကို ခိုးယူသူများအား စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောသူများကို ထိုက်တန်သောအပြစ်များပေး၍ အရေးယူထားပြီးဖြစ်သည်ဟု အာရက္ခတပ်တော် AA က ယမန့်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှ စတင်ခဲ့သော တိုက်ပွဲများနှင့်အတူ မြို့သိမ်းတိုက်ပွဲကာလသည် ယနေ့ဆိုလျှင် ဆယ်လတိတိပြည့်ခဲ့ပြီဖြစ်ပြီး သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များအားလုံးကို အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိသည်ဟု AA ကထုတ်ပြန်သည်။
မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အစရှိသော မြို့များမှ ဒေသခံပြည်သူလူထုများသည် တိုက်ပွဲမဖြစ်ခင်ကတည်းက တိုက်ပွဲလွတ်ရာနယ်မြေများသို့ ကြိုတင်ရှောင်ရှားနိုင်ခဲ့ခြင်းကြောင့် အသက်၊ အန္တရာယ်ဆုံးရှုံးမှုများ လျော့နည်းခဲ့ရသော်လည်း အခြားတစ်ဖက်တွင် ဤကဲ့သို့ ကြိုတင်တိုက်ပွဲရှောင်နိုင်ခဲ့ ခြင်းကြောင့် ဒေသခံပြည်သူလူထုများသည် ၎င်းတို့ပိုင်ဆိုင်သော ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ၊ အစရှိသော လေးလံပြီး ရွှေ့ပြောင်းသယ်ယူရန် အဆင်မပြေသော ထုထည်ကြီးပစ္စည်းများ၊ လုံခြုံရေးအရ မယူဆောင်ဘဲ မိမိအိမ်တွင် ဝှက်ထားချန်ရစ်ခဲ့သည်။
ထိုကဲ့သို့ ကျန်ရစ်ခဲ့သော ရွှေ၊ ငွေ အချို့တို့သည် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရ သည်သာမက ပျောက်ဆုံးမှုများရှိကြသည်ဟု AA ၏ ထုတ်ပြန်ချက်အရသိရသည်။
ဒေသခံပြည်သူတချို့၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများသည် တိုက်ပွဲများအတွင်း နှင့် တိုက်ပွဲများ ပြီးဆုံးသည့်အချိန်တွင် ပျောက်ဆုံးမှုများ ရှိခဲ့သည်ကို ကာယကံရှင်များ၏ တိုင်တန်းချက် နှင့် ထောက်လှမ်းရေးအဖွဲ့များ၏ စုံစမ်းစစ်ဆေးချက်များအရ သိရှိလာရသည်ဟု AA ကထုတ်ပြန်ထားသည်။
ထို့ကြောင့် ခိုးမှုများကိုကျူးလွန်ခဲ့သောသူများအား သေချာစွာ စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောသူများကို ထိုက်တန်သောအပြစ်များပေး၍ အရေးယူထားပြီး ဖြစ်သကဲ့သို့ ခိုးယူထားသောပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ပေးအပ်ထားခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မပြီးပြတ်သေးသော ပျောက်ဆုံးမှုများကို ဆက်လက် စစ်ဆေးနေဆဲဖြစ်သည်ဟု AA ကထုတ်ပြန်ထားသည်။