ထွယ်
စက်တင်ဘာ ၁၃၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေသဖြင့် နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ကစတင်ပြီး စစ်ကောင်စီက လက်နက်ကြီးများသာမက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရပ်ကွက် ၃ နှင့် ၄ ရှိ နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့သည်။
ထို့နောက် ယနေ့နံနက် ၇ နာရီတွင် ဆိုင်းတောင်-ဖားပြင်ကျေးရွာလမ်းပေါ်က ရပ်ကွက်-၄ အတွင်းရှိ 99 ဘားအနီး နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“မီးညွှန့်ကို ၈ နာရီကတည်းက မြင်နေရတာ။ ဒီနေ့ လေယာဉ်မလာသေးဘူး၊ ရှို့မီးပါဗျ။ စစ်တပ်ရှို့တာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်မှ စတင်ပြီး ဆိုင်းတောင်ကျေးရွာတွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့နံနက် ၇ နာရီခွဲခန့်ကတည်းက သေနတ်သံနှင့် လက်နက်ကြီးသံများလည်း အနီးနားကျေးရွာထိ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။
ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ဒေသခံအချို့မှာ တိုက်ပွဲတိမ်းရှောင်နေကြကာ အချို့မှာ နေအိမ်ကြည့်ရှုရန် အိမ်စောင့်ကျန်ခဲ့လျက်ရှိသည်ဟု သိရသည်။
ဓာတ်ပုံ – ပေးပို့