ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၁၂၊ ၂၀၂၄။
ကရင်နီပြည်အနောက်ဘက်ခြမ်း တောင်ငူ-လိပ်သို-ယာဒိုလမ်းမပေါ်ရှိ ယာဒိုစစ်ဘေးရှောင်စခန်းတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ် ၁၀ လုံးခန့်ရေထဲမျောပါပြီး ပြည်သူ ၃ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ရှောင်ကူညီသူများထံက သိရသည်။
ယမန်နေ့ နံနက် ၄ နာရီမှ တောင်ကျချောင်းရေ ရေစီးကြမ်းသည့်အတွက် နေအိမ်များအိမ်လုံးကျွတ်မျောပါသွားခြင်းဖြစ်သည်ဟု ထွန်းမြန်မာဒိုနေးရှင်းမှ စစ်ရှောင်အရေးကူညီသူ ကိုဖိုးဇော်က သံလွင်ခက်ကို ပြောသည်။
“ယာဒိုတံတားထိပ်မှာလည်း ရေကြီးနေတုန်းပဲ။ ကားကတော့ သွားလို့မရသေးဘူး။ အဲ့တံတားရဲ့အထက် မှာရှိတဲ့ စစ်ရှောင်စခန်း တဲတွေက တောင်ကျရေအရမ်းစီးတော့ ပျက်စီးသွားတာ” ဟု ၎င်းကဆိုသည်။
ဒဏ်ရာရရှိသူ ၃ ဦးမှာ ၎င်းတို့နေအိမ်က ပစ္စည်းတချို့ကို သွားရောက်သယ်ယူစဉ် သွပ်၊ ကျောက်ခံစ သည်တို့ဖြင့် ထိခိုက်မိပြီး အသေးစားဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
၎င်း ၃ဦးကို ဆေးကုသမှုပေးထားပြီး ပျက်ဆီးသွားသည့် နေအိမ်များပြန်လည်ဆောက်လုပ်ရန် အမိုးအကာများ လိုအပ်နေသည်ဟုလည်း ကိုဖိုးဇော်က ပြောသည်။
“အိမ်လုံးကျွတ်ပါသွားတာဆိုတော့ ပြန်ဆောက်ဖို့အတွက် အမိုးအကာတွေလိုအပ်နေတယ်” ဟု ၎င်းက ဆိုသည်။
ယာဒိုစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၀၀ ခန့် နေထိုင်လျက်ရှိသည်ဟု ကူညီသူများထံက သိရသည်။
ဓာတ်ပုံ-ထွန်းမြန်မာဒိုနေရှင်း။