(ရမည်သင်းဒေသခံ ၁၀ ဦးသေဆုံး)
ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၁၂၊ ၂၀၂၄။
မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်ပေါင်း ၁၀ ခုနီးပါးတွင် ရေကြီးရေလျှံ နေပြီး နေအိမ်ခေါင်မိုးနှင့် သစ်ပင်ပေါ်တွင် ရေဘေးရှောင်နေရသူများကို ရှာဖွေကယ်ဆယ်နေသည်ဟု မန္တလေးလူမှုကူညီရေးအသင်းဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ရေကတော့ မနေ့ကမနက်ပိုင်းလောက်ကစပြီး ဝင်လာတာပေါ့။ ရေတက်တဲ့အရှိန်ကတော့ မြန်တယ်ပဲ ပြောရမှာပေါ့။ ဒီတစ်ခါ ရေကြီးတာကနေရာကျယ်ပြန့်တယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ နေရာ တအားကျယ်နေတော့ အခက်အခဲတွေရှိတယ်။ ခေါင်မိုးပေါ်သစ်ပင်ပေါ်မှာနေတဲ့သူတွေကို ရှာဖွေတယ်။ ပြီးတော့ ရေလွတ်တဲ့နေရာတွေမှာ ပို့ပေးထားတယ်” ဟုဆိုသည်။
ပျော်ဘွယ်မြို့တွင်လည်း ကယ်ဆယ်ရေးစခန်း ၁၁ ခုဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူ ၂,၀၀၀ ခန့်ကို ကူညီကယ်ဆယ်ပေးထားသည်ဟု ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ပြောသည်။
“မြို့ပေါ်မှာတော့ ၃ပေ လောက်ကျသွားပြီ။ ရေဘေးသင့်ပြည်သူတွေကို မြို့ပေါ်ရပ်ကွက်တွေမှာ ကယ်ဆယ်ရေးစခန်း ၉ခုနဲ့ မြို့စွန်မှာ ၂ခု စုစုပေါင်း ၁၁ ခုဖွင့်လှစ်ပြီး ကယ်ဆယ်ပို့ဆောင်ပေးထားတယ်” ဟု ပြောသည်။
ယမန့်နေ့က ရမည်သင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံ ၁၀ ဦးသေဆုံးခဲ့သည် ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
သေဆုံးခဲ့သူများသည် ဆည်ကြီးကျေးရွာအုပ်စုအတွင်း ဆည်ကြီးကျေးရွာမှ ကျား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ မ(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ ကျား(၂)ဦး၊ မ (၄) ဦး၊ ရွှေနန်း ပေါ်ကျေးရွာမှ မ (၁) ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ မ (၁)ဦး၊ စုစုပေါင်း (၁၀) ဦး ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ရမည်သင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အိမ် ထောင်စု (၁၅,၁၁၃) စု၊ ကျား (၂၃,၉၉၅) ဦး၊ မ (၂၉,၉၇၇)ဦး၊ စုစုပေါင်း (၅၃,၉၇၂)ဦး ရေဘေးသင့်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏စာရင်းများအရ သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်း စသည့်ရေဘေးရှောင်နေရာများနှင့်နီးစပ်ရာဆွေမျိုးထံသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန