ကေအဲန်ယူတပ်မဟာ ၃ နယ်မြေအတွင်းရှိ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် ရိက္ခာတင်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်၊ နံနက်၁၁နာရီခန့်တွင် ကျောက်ကြီးမြို့နယ် သပြေကုန်းဘုန်းကြီးကျောင်းထောင့်တွင် စစ်ကောင်စီရိက္ခာတင်ကားကို KNLA နှင့်ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက ” စစ်ကောင်စီဘက်မှ ရိက္ခာကားတစ်စိီး ပျက်စီးသွားပြီး ဒဏ်ရာရရှိသူတွေရှိတယ်။ အသေအဆုံးကတော့ မသိရသေးပါ ။ စစ်ကောင်စိီ ရိက္ခာကားတွေက ရှေ့ပိုင်းကားမောင်းတဲ့ တံခါးတွေကို နှစ်ထပ် ကျည်ကာ ပြုလုပ်ထားတယ် “ဟု ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် သပြေကုန်းကျေးရွာအတွင်းရှိ အမျိုးသားတစ်ဦးနှင့်ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိတွေ့တိုက်ပွဲအတွင်းနှင့် မိုင်းဆွဲတိုက်ခိုက်မှု စစ်ဆင်ရေးဆောင်ရွက်ခဲ့သော KNLA ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု
သိရသည်။
ပြီးခဲ့သော နိုဝင်ဘာလတွင်လည်း ညောင်လေးပင်ခရိုင် တပ်မဟာ (၃) အုပ်ချုပ်နယ်မြေအတွင်း၌ တိုက်ပွဲကြီး၊တိုက်ပွဲငယ်ပေါင်း (၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များဘက်မှ (၄၀) ဦးသေဆုံးခဲ့ကာ (၂၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်စခန်း (၃) လုံးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်အသုံးပြုသော စစ်ကား (၁) စီး ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။