နန်းဆုပန်ခန့်
စက်တင်ဘာ ၅၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ် – မြဝတီအာရှလမ်းရှိ အောင်ဇေယျစစ်ကြောင်းသည် ဗျူဟာပြောင်းပြီး ပူးပေါင်းတပ်ဖွဲ့များ အထိုင်ချထားသည့် ကာကင်းစခန်းများကို ပြန်လည်ထိုးစစ်ဆင်နေသည်ဟု ပူးပေါင်းတပ်ထံက သိရသည်။
ယမန်နေ့တွင် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသည်ဟု မြေပြင်ရဲဘော်တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “မနေ့က တိုက်ပွဲအရမ်းပြင်းတယ်။ စစ်ကောင်စီက အရင်ကလို လက်နက်ကြီးတွေပစ်ပြီးမှ အလုံးအရင်းဝင်တာမဟုတ်ဘူး။ တိတ်တစိတ်ကပ်ပြီးမှ ဝင်ဝင်လုံးတာ။ အခုတိုက်တာတွေက တပ်မဆို တော့ ဗျူဟာတအားကစားတယ်။ သူတို့ဘက်ကလည်း အချိန်းအပြောင်းတွေရှိသွားတော့ အရင်ကလူ တွေမဟုတ်လောက်ဘူး။ တပ်မဘယ်လောက်လဲဆိုတာလည်း အတိအကျပြောလို့မရပြန်ဘူး” ဟု ဆိုသည်။
ထိတွေ့တိုက်ပွဲအတွင်းမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသော်လည်း အတိအကျမသိရသေးပေဟု မြေပြင်ရဲ ဘော်က ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်အထိ ၃ ရက် ဆက် နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်နေခဲ့ပြီး ယမန်နေ့တွင် ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။
တိုက်ပွဲများအတွင်းမှာ စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခြင်းမရှိသော်လည်း အတွဲလိုက်ဒုံးကျည်များ၊ လက်နက်ကြီးများနှင့် စနိုက်ပါများကို ပိုမိုအသုံးပြုတိုက်ခိုက်ကြောင်း မြေပြင်ရဲဘော်များထံက သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှ စတင်ခဲ့သည့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းသည် ကော့ကရိတ် မှတစ်ဆင့် မြဝတီမြို့သို့ ထိုးစစ်ဆင်ရာ ယခုတွင် ၄ လကျော်လာပြီဖြစ်သည်။
ဓါတ်ပုံ – ပေးပို့။ ပုံစာ – ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူးနှင့် ရဲဘော်တချို့အားမြင်တွေ့နေရစဉ် (ပုံအဟောင်း)။