ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၃၊ ၂၀၂၄။
ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်စခန်း ၁ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF က ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပန်ကန်း၊ ဒေါပိုးစီ၊ ၆ မိုင်စံပြကျေးရွာများတစ်လျှောက်တွင် ၁ လတာလုံး ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၈ ရက်နေ့က ဘော်လခဲမြို့နှင့် မယ်စလောင်းတောင်ကြားရှိ စစ်ကောင်စီ ရေကျော်စခန်းကိုလည်း KA၊ KNDF၊ KNPLF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကာ စစ်ကောင်စီ ၆ ဦးသေဆုံးခဲ့ပြီး လက်နက်ငယ် ၇ လက်၊ 9 mm ပစ္စတို ၁ လက်၊ ငါးကြင်းမြီး ၁ လက်၊ ၈၁ မမပြောင်း ၁ ပြောင်းနှင့် ခဲယမ်းအသုံးအဆောင်များ သိမ်းဆည်းရမိခဲ့သည်။
ဩဂုတ်လလနောက်ဆုံးပတ်တွင် ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒီးမော့ဆိုမြို့နယ်ရှိ လူနေအိမ် ၃ လုံးပျက်စီးခဲ့ပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ-KNDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်း)