သံလွင်ခက်
သြဂုတ် ၃၁၊ ၂၀၂၄။
(၅၂) နှစ်ပြည့် တအာင်းစာပေနေ့အထိမ်းအမှတ်နေ့တွင် တအာင်းစာပေအဖွဲ့ Ta’ang Literature Association – TLA ကို ဖွဲ့စည်းနိုင်ခဲ့သည်ဟု PSLF/TNLA က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ယမန်နေ့က ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကျေးရွာတစ်ရွာတွင် (၅၂) နှစ်မြောက် တအာင်းစာပေနေ့အခမ်းအနားပွဲတွင် တအာင်းစာသင် ဆရာ/မ အတတ်သင် TOT အပတ်စဉ် (၄) သင်တန်းဆင်းပွဲအပြီးတွင် ယခုလို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
တအာင်းလူမျိုးများသည် မျိုးနွယ်စုများစွာရှိပြီး မတူညီသော (သရ) လေသံများကို စုစည်းကာ မျိုးနွယ်စုများမှ အများ ဆုံးတူညီသည့် ဝေါဟာရ စကားလုံးများအား ရုံးသုံးဘာသာစာ/စကားအဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည်။
ယခုဖွဲ့စည်း ထားသည့် TLA သည် တအာင်းစာပေကို ထွန်းကားပြန့်ပွားအောင် အစဉ်တစိုက် လုပ်ဆောင်သွားရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
တအာင်းစာပေအဖွဲ့ TLA သည် တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ တအာင်းစာ သင်ကြားရေးအဖွဲ့ (TLTA) နှင့် PSLF/ TNLA တအာင်းရုံးသုံးစာအဖွဲ့တို့မှ စုပေါင်း၍ ဖွဲ့စည်းထားသည်။
ယခုအခမ်းအနားသို့ PSLF/TNLA ဒု-ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနှင့် အထွေအထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်တို့ တက်ရောက်ခဲ့ကြသည်။
ဓာတ်ပုံ- TNLA