ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများထံမှသိရသည်။
ယနေ့ ဒီဇင်ဘာလ၃ရက် ညနေ ၃နာရီ၅၅မိနစ်ခန့်တွင် လေယာဥ်နှစ်စီးဖြင့် ပတ်ဝဲပျံသန်း၍ ဗုံးကြဲတိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
” ဘယ်နေရာတွေကို ကြဲနေလည်းဆိုတာတော့ အတိအကျမသိရသေးဘူး။ အခုထိ လေယာဥ်တွေ ဝဲပျံနေတုန်းပဲ ” ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ညနေ ၄ နာရီ၁၅ မိနစ်ခန့်တွင်ပြောသည်။
ဒီးမော့ဆိုမြို့နယ်တွင် ယနေ့နံနက်အစောပိုင်း ၅ နာရီကတည်းက စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အချိန်ခြားခြား၍ ညနေပိုင်းအထိ ပစ်ခတ်နေခဲ့ပြီးနောက် ညနေပိုင်းတွင် လေယာဥ်ဖြင့်ပါ လာရောက်တိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
ဒီးမော့ဆိုမြို့နယ်ရှိ တပ်စွဲထားသောစစ်ကောင်စီတပ်များကို ပြီးခဲ့သော နိုဝင်ဘာလ (၂၈) ရက်တွင် KNDF ၊ ကရင်နီတပ်မတော် (KA) ၊အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့၊ DMO PDF၊ Loikaw PDF တို့က ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများတွင် ပူးပေါင်းစစ်ဆင်ရေး တစ်ရပ် ဆင်နွှဲခဲ့သည်။
ကရင်နီပူးပေါင်းတပ်ဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များသည် ၄င်းတို့ တပ်စွဲထားသော အဆိုပါကျေးရွာများမှ ဆုတ်ခွာခဲ့သွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များက ထိုကျေးရွာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
စစ်ကောင်စီတပ်များ ဆုတ်ခွာသွားသည့် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများကို ကရင်နီပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေဆဲဖြစ်ပြီး စစ်ကောင်စီက ယနေ့တွင် ဒီးမော့ဆိုမြို့နယ်တစ်ဝိုက်ကို လေကြောင်းမှ လာရောက်တိုက်ခိုက်လာခြင်း ဖြစ်သည်။
ပုံစာ-ပြီးခဲ့သောနိုဝင်ဘာလတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုအနောက်ဖက်ခြမ်း ကျေးရွာတစ်ရွာရှိ မူကြိုကျောင်းထိမှန်ပျက်စီးမှု။