အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးဌာနနှင့် ဝန်ကြီးများကို စာရင်းစစ်ချုပ်က ငွေစာရင်းစိစစ်နေသည်ဟု NUG သမ္မတရုံးဝန်ကြီးပြောခွင့်ရ ဦးကျော်ဇော်က သံလွင်ခက်ကို ပြောသည်။
“ကျွန်တော်တို့ရဲ့ဝန်ကြီးဌာနတွေအကုန်လုံး အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေ စာရင်းဇယားတွေကို သုံးစွဲချက် ဝင်ငွေ၊ထွက်ငွေတွေအားလုံးကို လမ်းညွန်ချက်တွေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်မလုပ်ဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ စာရင်းစစ်ချုပ်ရုံးအဖွဲ့အနေဖြင့် ဝန်ထမ်းလိုအပ်ချက်များရှိသော်လည်း လုပ်ထုံးလုပ်နည်းများအတိုင်း စိစစ်ဆောင်ရွက်မှုများ ကို ပုံမှန်ဆောင်ရွက်နေသည် ဟု ဦးကျော်ဇော်က ပြောသည်။
“ကျွန်တော်တို့တော်လှန်ရေးကာလမှာတော့ အင်အားအပြည့်အဝနဲ့ ဘယ်ဌာနမှာမှ မရှိသေးပါဘူး။ ဒါကြောင့်အင်အားအပြည့်အဝမရှိဘဲ ရှိတဲ့အင်အားနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံး စစ်ဆေးဆောင်ရွက်နေပါတယ်” ဟုဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ ဝန်ကြီးဌာနများ ဝန်ကြီးများ၏ ဘဏ္ဍာရေး အသုံးစရိတ်များကို စနစ်တကျ ဆောင်ရွက်ထားသင့်သည်ဟု အကြံပြုချက်များလည်း ထွက်ပေါ်လာသည်။
NUG အစိုးရအနေဖြင့် ငွေစာရင်းစီမံမှုများကို စနစ်တကျ လုပ်ဆောင်ထားသင့်ပြီး ထုတ်ပြန်သင့်သည့် အချက်အလက်များကို ပြည်သူများသိအောင် ချပြသင့်သည့်ဟု နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။
“NUG ထဲကိုဝင်လာတဲ့ ပြည်တွင်း ပြည်ပက ပံ့ပိုးပေးတဲ့ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းရှိအောင် အမြင်တွေရှင်းအောင်၊ ယုံကြည်မှုရှိအောင် ထုတ်ပြန်သင့်ပါတယ်။ NUG ထဲမှာ အလွဲသုံးစားလုပ်တာတွေ မရှိဘူး ဆိုတာကို ပြည်သူလူထုက သံသယ ကင်းကင်းနဲ့ ပါဝင်ဆောင်ရွက်လာနိုင်အောင် ခံယူစစ်ဆေးနေတယ်ဆိုတာ ပြောပြ ချပြဖို့လိုအပ်တယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရက အမည်စာရင်းတင်သွင်းခဲ့သည့် ဦးတိုးအောင်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် အတည်ပြု ခန့်အပ်တာဝန်ပေးထားသည်။
သို့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများ ဝန်ကြီး များ၏ အသုံးစရိတ်များနှင့် ပတ်သက်၍ ယနေ့အချိန်ထိ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ပုံစာ- ၇၁ ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းဝေးတွင် တွေ့ရသည့် NUG ဝန်ကြီးများ။ Photo-NUG