ကောင်းချစ်အောင်
သြဂုတ် ၁၀၊ ၂၀၂၄။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျဆုံးသွားတာဟာ စစ်ကောင်စီအတွက်တော့ အကြီးမာဆုံး သမိုင်းအမဲစက်ကြီးအဖြစ် အရှက်ရဖွယ်ဖြစ်ခဲ့ရပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ ဇူလိုင် ၃ ရက်ကနေ ဩဂုတ် ၃ ရက်အထိ တစ်လတာအတွင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို စစ်ကောင်စီထောက်ခံတဲ့ အသိုင်းအ ဝိုင်းကြားမှာပဲ ဝေဖန်သံတွေ မြင့်တက်လာခဲ့ပါတယ်။
လက်ရှိမှာ အရပ်သားတာဝန်အဖြစ် ယာယီသမ္မတနေရာကိုယူထားတဲ့အပြင် စစ်ကောင်စီဥက္ကဌ၊ ဝန်ကြီးချုပ်ရာထူးတွေ ကိုပါ ပူးတွဲယူထားတဲ့အာဏာသိမ်းစစ်ခေါင်းဆောင်ကို စစ်တပ်ထောက်ခံသူတွေရဲ့ ဝေဖန်သံတွေမြင့်တက်လာတဲ့ အကြောင်းတရားများစွာရှိနေပါတယ်။
အာဏာဥသျှောင်ကို ဝေဖန်မှုများ
*********************
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကာလမှာ စစ်ကောင်စီတပ် ဆက်တိုက်ရှုံးနိမ့်နေချိန်မှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု တွေမြို့ပေါင်း ၄၀ ထက်မနည်းမှာ ပေါ်ပေါက်လာမှုနဲ့အတူ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုလည်း ဝေဖန်သံတွေမြင့် တက်ခဲ့ဖူးပါတယ်။
မင်းအောင်လှိုင်ကို အရပ်ဘက်ဝန်ကြီးနေရာပေးဖို့နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တပ်ချုပ်နေရာပေးဖို့ တောင်းဆိုချက် တွေကို မ.ဘ.သ အမည်ခံဘုန်းကြီးတစ်ပါးဖြစ်တဲ့ပေါက်ကိုယ်တော်က ပြင်ဦးလွင်ဆန္ဒပြပွဲတစ်ခုမှာ ဟောကြားခဲ့တာ ပါ။
အဲဒီအချိန်တုန်းက ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ရှမ်းမြောက်စစ်ဆင်ရေးကို ကိုင်တွယ်နေချိန်ဖြစ်ပြီး မင်းအောင် လှိုင်ကတော့ အရပ်ဘက်ရေးရာကိစ္စတွေမှာပဲ အာရုံစိုက်နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲကို တက်ရောက်သူ ၃,၀၀၀ ကျော်အထိရှိခဲ့ပြီး မင်းအောင်လှိုင်ကိုအရည်အချင်းညံ့ဖျင်းတယ်လို့ ဝေဖန်ကာ “သဘောကောင်းတဲ့ဘုရားဒါယကာကြီး” လို့ အမည်တပ်လှောင်ပြောင်ခဲ့ကြပါတယ်။
လက်ရှိ လားရှိုး-ရမခ ကျဆုံးသွားချိန်မှာလည်း အဲဒီဝေဖန်သံတွေက တဖန်ပြန်လည်ပေါ်ပေါက်လာပြန်ပါတယ်။
နာမည်ကြီးမဘသဆရာတော် ဦးဝီရသူရဲ့ မင်းအောင်လှိုင်အပေါ် ဝေဖန်ထားတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်မှာ ပြန့်နှံ့လာနေပါတယ်။
မင်းအောင်လှိုင်ကို ဝေသန္တရာမင်းကြီးနဲ့ ခိုင်းနှိုင်းထားတဲ့အဲဒီဗီဒီယိုမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကိုလှူဒါန်းရတဲ့ ကုသိုလ် ကောင်းမှုကြောင့် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်သို့ အမြန်ရောက်ရှိပါစေလို့ဟောကြားထားခဲ့တာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ရဲ့ ထပ်မံအာဏာချဲ့ထွင်မှု
*************************
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့စစ်တပ်ဟာ တိုင်းပြည်အာဏာသုံးရပ်ကို ချုပ်ကိုင်လိုက်ပါတယ်။
အရေးပေါ်သက်တမ်းကာလကို အခါခါသက်တမ်းတိုးခဲ့ပြီး ၆ ကြိမ်မြောက်သက်တမ်းမလိုခင် ဇူလိုင် ၂၂ ရက်မှာတော့ စစ်ခေါင်းဆောင်ဟာ သမ္မတဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်ဟာ လားရှိုးရမခဟာ အပြင်းအထန်ပိတ်ဆို့ တိုက်ခိုက်ခံနေရပြီး ဘေးမှာခြံရံထားတဲ့ တိုက်ခိုက်ရေးတပ်ရင်း တွေဟာလည်း ကိုးကန့်တပ်လက်အောက်ကို ကျရောက်သွားခဲ့ချိန်ဖြစ်ပါတယ်။
အာဏာသိမ်းမှုအလွန် ယာယီသမ္မတအဖြစ် ဆက်တိုက်တာဝန်ယူထားတဲ့ ဦးမြင့်ဆွေဟာ ကျန်းမာရေးအခြေအနေ ကြောင့် နှုတ်ထွက်သွားတဲ့အတွက် သူ့နေရာမှာ မင်းအောင်လှိုင်ဟာ သမ္မတရာထူးကို လွှဲပြောင်းတာဝန်ယူခဲ့တာဖြစ်ပါ တယ်။
နိုင်ငံရေးသုတေသီတချို့က ဒုတိယအကြိမ်မြောက်အာဏာသိမ်းမှုလို့ တင်စားခဲ့တဲ့ မင်းအောင်လှိုင်သမ္မတဖြစ်လာမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ဘက်က တုံ့ပြန်ပြော ဆိုခဲ့ပါတယ်။
တလွဲဖြစ်နေတဲ့ စိတ်ဓာတ်မြှင့်တင်ရေး
******************
လားရှိုးရမခကျဆုံးမှုအတွက် တာဝန်အရှိဆုံးသူမှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လို့ စစ်တပ်ထောက်ခံသူ တွေက ဝိုင်းဝန်းထောက်ပြနေကြတာကို တွေ့ရပါတယ်။
စစ်ရှုံးလို့ ပြည်သူတွေစိတ်ဓာတ်ကျဆင်းနေချိန်မှာ စစ်ခေါင်းဆောင်တစ်ယောက်ရဲ့ ရဲရဲတောက်မိန့်ခွန်းတွေ၊ အားပေးစ ကားတွေကို မျှော်လင့်နေမိတယ်လို့ မှတ်ချက်ပြုရေးသားမှုတွေလည်း ဆက်တိုက်ပေါ်ထွက်ခဲ့ပါတယ်။
အဲဒီအချိန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပြည်သူတွေရဲ့စိတ်ဓာတ်မြှင့်တင်ရေးအတွက် အနုပညာနဲ့ အားက စားပြိုင်ပွဲတွေဘက်ကိုပဲ အလေးပေးလုပ်ဆောင်နေတာ တွေ့ရပါတယ်။
မိုးရာသီကာလ သစ်ပင်စိုက်ပွဲတွေ ဆက်တိုက်တက်ရောက်ခဲ့သလို အောက်တိုဘာလမှာ နိုင်ငံအနှံ့ ဆို၊က၊ရေး၊တီး ပြိုင် ပွဲတွေ ကျင်းပနိုင်ရေးအတွက် အမှာစကားပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အနုပညာဟာ တိုင်းပြည်ရဲ့ အသက်သွေး ကြောဖြစ်တဲ့အတွက် တိုးတက်အောင်လေ့ကျင့်ပေးရမယ်လို့ ပြောဆိုခဲ့တာပါ။
ဒါ့အပြင် စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးကို ရွှေချပေးခဲ့မှု၊ မယ်နုအုတ်ကျောင်းကို သင်္ဘောဆေးအကောင်းစားနဲ့ သုတ်ပေးခဲ့မှုတို့ကို ဂုဏ်ယူစွာပြောကြားခဲ့သလို ပုဂံဒေသမှာရှိတဲ့အိုဟောင်းနေတဲ့ ဘုရားစေတီတွေကို ကျွမ်းကျင်ပန်း ရံဆရာတွေနဲ့ မွမ်းမံပြုပြင်ပေးသွားမယ်လို့လည်း ကတိကဝတ်စကား ဆိုခဲ့ပါတယ်။
လာမယ့်ဒီဇင်ဘာလမှာလည်း အမျိုးသားအားကစားပွဲတော်ကို နိုင်ငံအနှံ့ ခြိမ့်ခြိမ့်သဲကျင်းပနိုင်အောင် ကြိုးပမ်းသွားမယ် လို့ ဆိုထားပြန်ပါတယ်။
တစ်ဖက်မှာ စစ်ရှုံးနေချိန် အရပ်ဝတ်နဲ့ ဆက်တိုက်မြင်တွေ့နေရတဲ့ စစ်ခေါင်းဆောင်ရဲ့ စိတ်ဓာတ်မြှင့်တင်ရေးပုံရိပ်တွေ ကို စစ်တပ်ထောက်ခံသူတွေက အားမလိုအားမရ ဖြစ်နေကြပါတယ်။
မလျှော့သေးတဲ့ လျှပ်စစ်ရထားအိပ်မက်
**********************
လားရှိုးရမခကို ကိုးကန့်တပ်တွေက ဩဂုတ် ၃ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အလံလွှင့်ထူအောင်ပွဲခံနေတဲ မှတ်တမ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နေပြည်တော်မှာရှိတဲ့ စက်ခေါင်းသစ်တပ် ဆင်ထုတ်လုပ်ရေးစက်ရုံကို ရောက်ရှိနေပါတယ်။
မြန်မာ့မီးရထားကို တစ်ခေတ်ပြောင်းနိုင်ဖို့ လျှပ်စစ်ရထားတွေ ပြေးဆွဲနိုင်ဖို့အထိ ကြိုးပမ်းရမှာဖြစ်တယ်လို့ မျှော်မှန်း လုပ်ဆောင်ရမယ်လို့ မင်းအောင်လှိုင်ကဆိုခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ဂျပန်နိုင်ငံကနေဝယ်ယူခဲ့တဲ့ လျှပ်စစ်-ဒီဇယ်နှစ်မျိုးသုံး DEMU အမျိုး အစားရထားတွဲတွေကိုကြည့်ရှုခဲ့ပြီး နောင်တချိန်ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ကြိုးစားရမယ်လို့မှာ ကြားသွားခဲ့ပါတယ်။
လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့ စစ်ခေါင်းဆောင်က ဆက်တိုက်ပြောဆိုခဲ့ပြီး လျှပ်စစ်မီးပုံမှန်မရရှိတဲ့ အခြေအနေမှာ ပြည် သူတွေအကြား လှောင်ပြောင်စရာဖြစ်ခဲ့ပါတယ်။
ဆင်ဖြူတော်မက်တဲ့ ဘုန်းကံရှင်
*******************
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယာယီသမ္မတရာထူးယူပြီး ရက်ပိုင်းအကြာမှာပဲ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ ဆင်ဖြူတော်ရှာဖွေဖို့ အမိန့်ပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး နဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် က တဆင့် သစ်တောဌာနကို ရှာဖွေဖို့ အမိန့်ပေး ထားပြီး ချောင်းသာသစ်တောကြိုးဝိုင်းနဲ့ အနီးဝန်းကျင်ကြိုးဝိုင်းတွေထဲတောနင်းပြီး ရှာဖွေနေတယ်လို့ သိရပါတယ်။
နိုင်ငံအနှံ့စစ်ရေးမှာ အရေးနိမ့်နေချိန် အခုလို ဆင်ဖြူတော်ရှာခိုင်းတဲ့ သတင်းတွေထွက်ပေါ်လာချိန်မှာ ဝေဖန်သံတွေ ပိုမို မြင့်တက်လာခဲ့ပါတယ်။ ဆင်ဖြူတော်ပေါ်ရင် တိုင်းပြည်အေးချမ်းသာယာမယ်၊ အုပ်ချုပ်တဲ့သူဘုန်းတန်ခိုးကြီးမား တယ်ဆိုတဲ့ အယူအဆတွေလည်း သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်ကနေ အခုခေတ်စစ်ဗိုလ်ချုပ်တွေရင်ထဲအထိ ကိန်း အောင်းနေဆဲ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ကြောင့် တနိုင်ငံလုံး ဒုက္ခရောက်နေချိန်မှာ ၂၀၂၂ ခု ဇူလိုင်လအတွင်း မွေးခဲ့တဲ့ ရဋ္ဌနန္ဒကလို့ အမည်ရတဲ့ နှစ် နှစ်သားဆင်လေး ကျန်းမာစွာရှိနေတဲ့သတင်းကို နိုင်ငံပိုင်အစိုးရသတင်းစာတွေမှာ ခေါင်းကြီးပိုင်းအဖြစ်ဖော်ပြခဲ့ပါ တယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်အဆက်ဆက်ဟာ ဆင်ဖြူတော်တွေကိုအလိုရှိကြပြီး မြန် မာပြည်မှာ ဆင်ဖြူတော် ၁၁ ကောင်အထိ ပေါ်ထွန်းပြီးပြီလို့ သတ်မှတ်ထားကြပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက် တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်သဘောတူညီချက် ဆွေးနွေးပွဲတွေ ကျင်းပနိုင်ခဲ့တာဟာ ဆင် ဖြူတော်တွေ ကျေးဇူးကြောင့်လို့ အဲဒီအချိန်တုန်းက နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြခဲ့ကြပါသေးတယ်။
အခုလက်ရှိ လားရှိုးရမခကျသွားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့အထိ စစ်ရိပ်သမ်းလာချိန်မှာ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဆင်ဖြူတော်ရှာဖို့အမိန့်ဟာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူး ချုပ်သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့ကို ကိုး ကန့်တပ်ဖွဲ့ MNDAA က အခုလဆန်းပိုင်းမှာ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
သမိုင်းဝင်အရှုံးကို ကြုံတွေ့နေရတဲ့စစ်ကောင်စီထောက်ခံသူတွေဟာ မသိကျိုးကျွံပြုနေတဲ့ စစ်ခေါင်းဆောင် မင်းအောင် လှိုင်အပေါ် အမျက်ဒေါသတွေ စုပုံလာနေပါတယ်။