သံလွင်ခက်
ဩဂုတ် ၉၊ ၂၀၂၄။
ရှမ်းမြောက်ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ- ဗ.က.ပတပ်ကို ချေမှုန်းနိုင်ခဲ့ဖူးသည့် မြန်မာစစ်တပ် (စစ်ကောင်စီ) သည် ယခုလက်ရှိတွင် မြို့လေးမြို့ကိုသာ ထိန်းချုပ်ထားနိုင်တော့သည်။
ပြီးခဲ့သည့် သြဂုတ် ၃ ရက်နေ့တွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကျဆုံးသွားပြီးနောက်ပိုင်း တရုတ်နယ်စပ်မြို့ဖြစ်သည့် မူဆယ်၊ သီပေါ၊ မိုင်းရယ်နှင့် တန့်ယန်း စုစုပေါင်း ၄ မြို့ကိုသာ စစ်ကောင်စီအနေဖြင့် ထိန်းချုပ်ထားနိုင်သည်။
စစ်ရေးသုတေသီများ၏အဆိုအရ စစ်ကောင်စီသည် ရှမ်းမြောက်ဒေသတွင် တပ်ရင်း ၉၅ ရင်းထက်မနည်းတပ်ဖြန့် ထားသော်လည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏စစ်ဆင်ရေးအောက်တွင် ရှုံးနိမ့်နေခြင်းဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း စစ်ကောင်စီသည် မြို့ပေါင်း ၂၀ ကျော်ကို လက်လွှတ်ဆုံးရှုံးထားရသည်။
လက်ရှိတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့က မြို့ ၁၀ မြို့စီကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
တန့်ယန်းမြို့မှာ ထောင်နှင့်ချီသည့်ဝတပ်ဖွဲ့ (UWSA) တပ်ဖွဲ့ဝင်များက လုံခြုံရေးအရတပ်စွဲနေရာယူထားပြီး မိုင်းရယ်မြို့ကိုလည်း ရှမ်းမြောက်ပိုင်းအဖွဲ့ (SSPP) တပ်များက ဝင်ရောက်မှုများရှိနေသည်။
တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အမှတ်-၃ ပြည်ထောင်စုလမ်းမကြီးနှင့် ဓာတ်ငွေ့ပိုက်လိုင်းတလျှောက် တိုက်ပွဲအခြေအနေများကြောင့် တရုတ်နိုင်ငံက တိုက်ပွဲများရပ်တန့်ရန် တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။