သံလွင်ခက်
ဩဂုတ် ၉၊ ၂၀၂၄။
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ကိုင်းတောမရဲစခန်းနှင့် အနောက်ပိုင်းက ဝက်ပုတ်ရွာပျူစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အဆိုပါ စခန်းနှစ်ကို ယခုလဆန်းပိုင်းမှစတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၇ ရက်နှင့် ၈ ရက်တို့တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု မြိုင်မြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ရဲဘော်တစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
“ကိုင်းတောမကတော့ ဒီလ ၃ ရက်နေ့က ဝင်တိုက်ကြတာ ၆ရက်နေ့မှာ ကိုင်းတောမစခန်းဆုတ်သွားတာ ကျွန်တော်တို့တိုက်လို့။ ဝက်ပုတ်ကတော့ ၅ ရက်နေ့ကနေစတိုက်တာ ၈ ရက် နေ့ထိ ၃ ရက်ကျော်ကျော် လေးရက်လောက် ဆက် တိုက်တိုက်ရင်းနဲ့ သူတို့ နောက်ဆုံးမရပြီးတော့ ပြန်ဆုတ်သွားတာ” ၎င်းက ဆိုသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ ထဲမနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ၄ ဦးကျဆုံးခဲ့သည်ဟု သိရသည်။
မြိုင်ပကဖရဲဘော်တစ်ဦးက “ဝက်ပုတ်မှာတော့ အနည်းဆုံး ၁၀ ယောက်လောက်ကျဆုံးတယ်။ ကိုင်းတောမလည်း ထိခိုက်လို့ဆုတ်တာပါပဲ။ စခန်းနှစ်ခုပေါင်းဆို ၂၀ လောက်ကျတယ် ထိခိုက်မှုကတော့ သုံးလေးငါးဆယ်တော့ရှိမှာ” ဟု ဆို သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
လက်ရှိမှာ ကိုင်းတောမရဲစခန်းရှိ တပ်ဖွဲ့ဝင်များသည် သရက်ကံနှင့် ဝက်ပုတ်ရွာပျူစခန်းရှိတပ်ဖွဲ့ဝင်များသည် စက်မှု ၂ အထိုင်စခန်းသို့ ဆုတ်ခွာခဲ့သည်။
ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းတွင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းသည် မြိုင်မြို့နယ်အစပ်၌သာ ရပ်တန့်နေပြီး မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနိုင်သည့် အခြေအနေမရှိသေးဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
Photo – We Love Myaing