ခင်သရဖီဦး
သြဂုတ် ၈၊ ၂၀၂၄။
ရခိုင်ပြည်၊ ဂွမြို့နယ် ကျိန္တလီမြို့အနီးရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ယနေ့နံနက်အစောပိုင်းတွင် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး လူ ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့နံနက် ၂ နာရီခန့်တွင် ကျိန္တလီမြို့အနီးရှိ ကျောက်ခေါက်ကွင်းကျေးရွာနှင့် စေတီကွင်းကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ လေးကြိမ်ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။
“အိပ်နေတုန်းဗုံးလာကြဲတာပါ။ စေတီကွင်းမှာက ဘုန်းကြီးကျောင်းတွင်းက အဆောင်တစ်ဆောင်ပြိုသွားတယ်။ ကျောက်ခေါက်ကွင်းမှာက ရွာအလယ်မှာ ကျပါတယ်။ အမျိုးသမီးတစ်ဦးသေသွားတယ်။ လူတွေလည်း ထိခိုက်ဒဏ် ရာရတယ်” ဟု ကျိန္တလီဒေသခံတစ်ဦးက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ခေါက်ကွင်းကျေးရွာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးနှင့် စေတီကွင်းကျေးရွာမှ အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာဆေးရုံတွင် ဆေးကုသမူခံယူနေကြရသည်ဟု ဒေသခံများထံက သိရသည်။
ထို့အပြင် ဒေသခံများမှာလည်း နေအိမ်များကိုစွန့်ခွာပြီး စစ်ရှောင်နေကြရသည်။
ဂွမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီတပ်အနေဖြင့် လုံခြုံရေးအင်းအားတိုးချဲ့ခြင်း၊ ဒေသခံများအား ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။