သံလွင်ခက်
ဇူလိုင် ၃၀၊ ၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၂ ရက်အတွင်း ကိုယ်ဝန်ဆောင်အမျိုး သမီး ၁ ဦးအပါအဝင် အရပ်သား ၉ ဦးသေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ယမန့်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအား တော်လှန်ရေး အင်အားစုက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်အမှတ်- ၃၁၀ အမြောက်တပ်ရင်းစခန်းမှ သိမ်ဇရပ်မြို့ရှိ ရပ်ကွက် များထဲသို့ လက်နက်ကြီး (၁၀) လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထို့သို့ ပစ်ခတ်ခြင်းကြောင့် သိပ်ဇရပ်ရွာလေးရပ်ကွက် (၇) လမ်းနေ ကိုလေးစစ်သူ (၄၇) နှစ်နှင့် ကိုယ်ဝန်ဆောင် မကြည်ကြည်လင်း (၄၅) နှစ်တို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး မယှဥ်ဝေလွင် (၄၁) နှစ် လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထို့ပြင် ဇူလိုင်လ (၂၃) ရက် နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးရွာအနီးကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်။
ထို့နောက် ကျိုက်ထိုမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အမှတ်- ၆၀၂ ဒုံးတပ်ရင်းမှ ပျဥ်းကတိုးကုန်းရွာထဲသို့ ဟောင်ဝစ်ဇာ (၄)လုံး ပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူ (၇) ဦးသေဆုံးပြီး (၇) ဦး ဒဏ်ရာရခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရသိရသည်။
ထိခိုက်သေဆုံးသူများသည် ရွှေလုပ်သားများဖြစ်ကြပြီး ကျောက်တန်းလေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားသော ကြောင့် မြို့သို့တိမ်းရှောင်ရန်ထွက်လာစဥ် ပျဥ်းကတိုးကုန်းရွာအရောက်တွင် ၎င်းတို့အနီး လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ရခြင်းဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ကောင်စီတပ် အမှတ်-၆၀၂ ဒုံးတပ်ရင်းသည် ယခင်က အမှတ်-၆၀၂ အမြောက်တပ်ရင်းတစ်ခုဖြစ်ပြီး အာဏာသိမ်း ပြီးနောက်ပိုင်းမှ ၎င်းဒုံးတပ်ရင်းအား အစားထိုးပြောင်းလဲလိုက်ခြင်းဖြစ်သည်။
ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူများ။