သဇင်
ဇူလိုင် ၂၉၊ ၂၀၂၄။
ပဲခူးမြို့က မြေနိမ့်ပိုင်းရှိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းတစ်ချို့သည် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနစ်မြှုပ်နေသည်ဟု လူမှုကူညီရေးအသင်းများထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၄ ပေ ခန့်ကျော်လွန်နေကာ ဒိခိနဆာခါ၊ ရွှေနံ့သာ၊ ဖောင်တော်ဦးကျောင်းသစ်စသည့် ကယ်ဆယ်ရေးစခန်းတို့တွင် ရေနစ်မြှုပ်နေခြင်းဖြစ်သည်။
“ရွှေနံ့သာကယ်ဆယ်ရေးစခန်း အဲ့ဒီမှာ ရေဝင်လာလို့ ခုက ကယ်ဆယ်ရေးစခန်းလည်း မြှုပ်သွားပြီ။ ရေက မနှစ်ကရေကို မှီဖို့ ခြောက်လက်မပဲလိုတော့တယ်”ဟု ဒေသခံလူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ဆိုသည်။
ယင်းကယ်ဆယ်ရေးစခန်းမှ ယာယီပြောင်းရွှေ့နေထိုင်သူ ရေဘေးသင့် ပြည်သူ ၅၀၀ ခန့်မှာ သောက်သုံးရေလိုအပ်နေပြီး နီးစပ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေကြရသည်ဟု ကယ်ဆယ်ရေးမှာ ပါဝင်နေသူတစ်ဦးက ဆိုသည်။
“အခု ကျန်နေတဲ့ ဘုရားတစ်ခုပေါ်မှာပဲ ခိုကပ်ပြီး နေနေရတယ်။ ရွှေမော်တောဘက်မှာတော့ ကယ်ဆယ်ရေးစခန်းတွေရှိတယ်။ သွားနိုင်တဲ့ သူတော့သွားကြတယ်။ သွားဖို့ဆိုတာက တော်တော်ခက်ခဲတယ်ဗျ။ ရေစီးနေတယ်။ ရွှေ့ဖို့က သိပ် မလွယ်ကူဘူး” ဟု ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ မိုး/ဇဌာန၏ထုတ်ပြန်ချက်အရ လာမည့် ၂၄ နာရီအတွင်း ၄ လက်မခန့်မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်မှာ ဆက်ရှိနေမည်ဟု ယနေ့တွင် ထုတ်ပြန်ထားသည်။
လတ်တလောတွင် ပဲခူးမြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း (၂၇) ခု အပါအဝင် စာသင်ကျောင်းများတွင်လည်း ရေဘေးသင့်ပြည်သူနှစ်သောင်းခွဲကျော်ရှိနေသည်။
ပုံစာ-ပဲခူးမြို့ ရေကြီးရေလျှံမှုကြောင့် ပြောင်းရွှေ့နေကြသည့် ဒေသခံများ။ ဓာတ်ပုံ- Win Bo Win