ခင်သရဖီဦး
ဇူလိုင် ၂၉၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကံသာယာကျေးရွာတွင် စစ်ကောင်စီတပ် နခခ-၅ မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ခဲ့သောကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နယ်ခြားစောင့်တပ် နခခ-၅ မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် မဝါဆိုမိုး (၁၃) နှစ်၊ ဒေါ်သန်းစိန် (၄၂) နှစ်၊ ဒေါ်ညိုမ (၇၃)နှစ်၊ ဦးဘထွန်း (၄၇) နှစ်နှင့် ဦးကျော်ဘန်းအောင် (၆၆) နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
မောင်တောဒေသခံတစ်ဦးက “လက်နက်ကြီးက နခခ-၅ က ပစ်တာပါ။ နေ့လည် ၂ နာရီလောက်က ကျတာပါ။ (စကစခန့်) ရပ်ကျေးဥက္ကဌဦးကျော်ဘန်းအောင်ကလည်း လက်နက်ကြီးကျည်ထိပြီး ဒဏ်ရာပြင်းပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကျေးရွာသားများမှာ တခြားကျေးရွာများသို့ စစ်ရှောင်နေကြရသည်ဟု ဒေသံခံများထံက သိရသည်။
စစ်ကောင်စီတပ်အနေဖြင့် မောင်တောမြို့ထဲတွင်လည်း ဖြန့်ကျက်တပ်စွဲထားလျက်ရှိပြီး ယင်း နခခ-၅ မှ အနီးအနားရှိ ကျေးရွာဝန်းကျင်အား နေ့စဥ်နီးပါး လက်နက်ကြီးပစ်ခတ်လျက်ရှိသည်ဟု AA နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
ပုံစာ – မောင်တောမြို့အဝင်မြင်ကွင်း၊ ဓာတ်ပုံ- သံလွင်ခက်။