သံလွင်ခက်။
ဇူလိုင် ၂၉ ၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ စားဝတ်နေရေးအခက်ခဲဖြစ်ပေါ်လျက် ရှိသည်ဟု ဒေသခံများထံက သိရသည်။
ရွှေကျင်မြို့နယ်တွင် ချောင်းရေအပြင် ရေကာတာမှ ရေလွှတ်လိုက်သည့်အတွက် နေအိမ်များ ရေနစ်မြုပ်ခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
ရွှေကျင်ဒေသခံတစ်ဦး “မိုးကတော်တော်ရွာတော့ ချောင်းက ကျတဲ့ရေကလည်းများတယ်လေ။ နောက်ရက်ကျတော့ ရွှေကျင် ရေကာတာကပါ ရေလွှတ်လိုက်တော့ အကုန်လုံးမြုပ်ကုန်တာပေါ့။ နိမ့်တဲ့နေရာတွေကျတော့ အိမ်တွေပါမြုပ် တယ်။ ဘုန်းကြီးကျောင်းတွေမှာပါ လိုက်နေတယ်။ အဓိကကတော့ နေရေးထိုင်ရေးစားဝတ်နေရေးပေါ့။ ရေကြီးတော့ တချို့ဆိုင်တွေကလည်း ပိတ်တယ်လေ။ မီးကလည်းမလာတော့ မီးဖိုတွေရှိတဲ့သူကလည်းရှိတယ်။ မရှိတဲ့သူက လည်းမ ရှိဘူးပေါ့။ ကြံဖန်ပြီးနေရတာပေါ့” ဟုဆိုသည်။
ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်) တွင် နေရာအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မုန်းမြို့နယ်မှ ကျေးရွာ ၉ ရွာ၊ ရွှေကျင်မြို့နယ်မှ ကျေးရွာ ၈ ရွာနှင့် ကျောက်ကြီးမြို့နယ်မှ ၆ ရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် လျက်ရှိပြီး အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေထိုင်ရန်အမိုးအကာများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု KNU က ဇူလိုင်လ ၂၇ ရက်၌ ထုတ်ပြန်ထားသည်။
မုန်းဒေသခံတစ်ဦးက “လျှပ်စစ်မီးက မရတာကြာပြီ ထင်းတွေကလည်း ရေတွေစိုကုန်ပြီ မီးသွေးလေးဆောင်ထားလို့ တော်သေးတယ်။ နေထိုင်စားသောက်ရေးက ခက်ခဲတယ်။ ဆန်လေးတွေက အရင်ဝယ်ထားတာလေးတွေရှိသေးတယ် အဲ့တာလေးတွေနဲ့ပဲစားရတာပေါ့ လောလောဆယ်တော့” ဟုဆိုသည်။
ရေကြီးရေလျှံမှုများကြောင့် ပြည်သူလူထုများစိုက်ပျိုထားသောလယ်ယာများ၊ လမ်းတံတားများ၊ ပြည်သူလူထုပိုင်ဆိုင် သော ပစ္စည်းဥစ္စာများမှာ ပျက်စီးဆုံးရှုံးခဲ့ကြရသည့်အပြင် ဆောထိမြို့နယ် လယ်ဝါးကျေးရွာအတွင်း၌လည်း လေပြင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု KNU ကထုတ်ပြန်ထားသည်။
လက်ရှိတွင် မဒေါက်မြို့၊ ရွှေကျင်မြို့၊ ပဲခူးမြို့၊ ဆိတ်သာမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့၊ ဘားအံမြို့၊ မြဝတီမြို့၊ ငါးသိုင်း ချောင်းမြို့၊ မအူပင်မြို့၊ သာပေါင်းမြို့၊ ပုသိမ်မြို့နှင့် ဘီးလင်းမြို့စသည့် ၁၃ မြို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် ယခုလကုန်ထိ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – ညောင်လေးပင်ခရိုင်အတွင်း ရေနစ်မြုပ်နေသည့် မြင်ကွင်းများ။